အင်ဒိုနီးရှားပြတိုက်အတွင်းမှ ဟစ်တလာဖယောင်းရုပ်တု ဖယ်ရှား

အင်ဒိုနီးရှားနိုင်ငံ ဒီအာကာ ဖယောင်းရုပ်တု ပြတိုက်အတွင်းမှာ လာရောက်လည်ပတ်သူတွေနဲ့ ဆယ်လ်ဖီရိုက်ဖို့ ပြသထားတဲ့ အဒေါ့ဖ်ဟစ်တလာ ဖယောင်းရုပ်တုကို ဝေဖန်မှုတွေခံနေရတာကြောင့် ပြတိုက်က ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။ အော့စ်ဝစ်ဇ်အကျဉ်းစခန်း ဂိတ်ပေါက်ဝပုံ အရှေ့မှာ နာဇီခေါင်းဆောင်နဲ့အတူ လူတွေ ပြုံးပြီး ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်ထားတာတွေကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေထားတဲ့ ပုံတွေထဲ တွေ့မြင်ရပါတယ်။ ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းက ထိတ်လန့်ဒေါသထွက်ခဲ့ပြီး ဒီအာကာဖယောင်းရုပ်တု ပြတိုက်ကတော့ ဒါက ဘာမှ မှားယွင်းတဲ့ ပြစ်မှုမဟုတ်ပါဘူး၊ ပညာပေးချင်ရုံသက်သက်ပဲလို့ ဂျားဗားကျွန်းရှိ ဂျိုဂစ်ကာတာမြို့က ပြတိုက်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ပြတိုက်ရဲ့ စီမံရေးမန်နေဂျာ ဂျေမီမစ်စ်ဘာက “ကျနော်တို့က ထိတ်လန့်ဒေါသဖြစ်အောင် လုပ်ချင်တာမဟုတ်ပါဘူး” လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ပုံတွေထဲမှာတော့ လိမ္မော်ရောင် တူညီဝတ်စုံတွေ ဝတ်ဆင်ပြီး နာဇီတွေပုံစံ အလေးပြုနေတဲ့ လူငယ်အုပ်စုရဲ့ ဓာတ်ပုံတပုံအပါအဝင် လူတော်တော်များက ဟစ်တလာရုပ်တုပုံနဲ့ ကိုယ်ဟန်ပြပြီး ဓာတ်ပုံရိုက်ထားကြတာ တွေ့ရပါတယ်။ ပုံတွေမြင်ပြီး ကမ္ဘာတဝှမ်းက လူတော်တော်များက ထိတ်လန့်ကြပေမယ့် ပြတိုက်ကတော့ လာလည်တဲ့ ဘယ်ဧည့်သည်ကမှ ဝေဖန်မှု မရှိဘူးလို့ ဆိုပါတယ်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး အရာတိုင်းက မှားယွင်းမှုပဲ၊ ဒါက ဘယ်လောက် ရှက်စရာကောင်းတယ်ဆိုတာ စကားတောင် ရှာမရဘူး” လို့ ဂျူးလူ့အခွင့်အရေးအဖွဲ့က ရက်ဘီအေဘရာဟမ်ကူးပါးက အေပီသတင်းဌာနကို ပြောပါတယ်။ “ရုပ်တုပုံရဲ့ နောက်ခံကလည်း စက်ဆုပ်ဖွယ်ပဲ၊ အဲ့ဒီအကျဉ်းစခန်းထဲ ရောက်သွားပြီး ဘယ်တော့မှ ပြန်မထွက်လာနိုင်တဲ့သူတွေကို လှောင်ပြောင်နေသလိုပဲ” လို့ ပြောပါတယ်။ အဓိက ဥရောပက ဂျူးတွေအပါအဝင် ခန့်မှန်းခြေ လူပေါင်း ၁.၁ သန်း အော့စ်ဝစ်ဇ်အကျဉ်းစခန်းထဲက အစုလိုက်သတ်ဖြတ်မှုအတွင်း သေဆုံးခဲ့ရကြောင်း ဘီဘီစီသတင်းမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up