Home
မြန်မာသတင်း
ရခိုင်သတင်းများ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရေး ပြန်ကြားရေးဝန်ကြီး ကွင်းဆင်း
DVB
·
November 12, 2017
ရခိုင်ပြည်အတွင်း လူသားချင်းစာနာကူညီ ထောက်ပံ့ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်နိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ မီဒီယာအဖွဲ့ဟာ မနေ့က စစ်တွေကို သွားခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်သတင်းတွေ ပုံမှန်ထုတ်ပြန်နေတာကို အရှိန်အဟုန်မြှင့်နိုင်ဖို့ မိတ်ဖက် မီဒီယာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြေပြင်ကွင်းဆင်းတာလို့ ဝန်ကြီးက ပြောပါတယ်။ ဒေသအခြေအနေတွေ မျက်မြင်ကိုယ်တွေ့ သိရှိမှပဲ မီဒီယာ ကဏ္ဍကတဆင့် ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက လူသားချင်းကူညီထောက်ပံ့မှုတွေကို ပြည်နယ်အစိုးရက တာဝန်ခံပြီး ပေးလှူမယ့် နေရာအရောက် ပို့ပေးနေတဲ့ အကြောင်း၊ မြန်မာနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်လာမယ့် သူတွေကို ခေတ္တလက်ခံထားမယ့် နေရာတွေကို စတင်ဆောက်နေတာ စတဲ့ အကြောင်းတွေ ရှင်းပြခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့ဟာ နေရပ်စွန့်ခွာလာတဲ့ ဟိန္ဒူဘာသာဝင်တွေကို တွေ့ဆုံပြီး လက်ရှိနေထိုင်စားသောက်မှု အဆင်ပြေ၊ မပြေ သိနိုင်ဖို့ လာရောက်တာ ဖြစ်ပြီး ဟိန္ဒူ ဘာသာဝင်တွေရဲ့ စကားသံကို ကြားနိုင်ဖို့ လာတာ ဖြစ်ကြောင်း၊ ပြန်ကြားရေးနဲ့ မီဒီယာကဏ္ဍက တဆင့် ဟိန္ဒူဘာသာဝင်တွေရဲ့ အခြေအနေတွေကို အများပြည်သူ သိအောင် လုပ်ပေးမယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှု ဖြစ်စဉ်၊ နယ်မြေရှင်းလင်းတာနဲ့ နေရပ်စွန့်ခွာကြသူတွေရဲ့ အကြောင်းဟာ ပြည်တွင်းပြည်ပမှာ စိတ်ဝင်စားကြတဲ့ အကြောင်းအရာ ဖြစ်ပေမယ့် သတင်းယူခွင့်ကတော့ ကန့်သတ်ခံနေရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာ သတင်းယူမယ့် မီဒီယာတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရမှ ပြည်နယ်တွင်းကို ဝင်ခွင့်ပေးဖို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024