ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ၃ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေး
DVB
·
November 10, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရ၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တို့ ၃ ပွင့်ဆိုင် တံခါးပိတ်ဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရရုံးမှာ ဒီနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ပါတယ်။
“အဓိကကတော့ စီမံကိန်းဧရိယာမှာပါဝင်တဲ့ တောင်သူ ၇ ဦးရဲ့ မြေယာမစွန့်လွှတ်နိုင်တဲ့ ကိစ္စရယ်၊ မြေယာလျော်ကြေးကိစ္စရယ် ဆွေးနွေးဖို့ စီစဉ်ထားပါတယ်” လို့ ဆွေးနွေးပွဲမှာ ပါဝင်သူ ဒေသခံကိုယ်စားလှယ် ကိုတင့်အောင်စိုးက ဒီဗွီဘီကိုပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး အလားတူ ၄ ပွင့်ဆိုင် တံခါးပိတ် ဆွေးနွေးပွဲပြုလုပ်ခဲ့ပေမယ့် ပြေလည်မှုမရရှိပါဘူး။
လက်ရှိဆွေးနွေးပွဲမှာတော့ တိုင်းအစိုးရအဖွဲ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောဝန်ကြီး ဦးကမ်ဇာမုံ၊ ဆားလင်းကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်၊ ဒေသခံကိုယ်စားလှယ် ၁၀ ဦးလောက် ပါဝင်ဆွေးနွေးနေကြပါတယ်။