A d v e r t i s e m e n t With Us

မျိုးဆက်သစ်တို့အတွက် အားလုံးရဲ့တာဝန် (သို့မဟုတ်) ငြိမ်းချမ်းရေး

စစ်ပွဲတွေကြောင့် အခြေအနေမဲ့နေကြတဲ့ ပြည်သူတွေအတွက်ကိုတော့ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေးကနေ လူမှုရေးမူဝါဒ လေးရပ် အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမူဝါဒလေးချက်နဲ့ ပတ်သက်ပြီး ထင်သာမြင်သာအောင် အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှုတွေကတော့ အလွန်ကို နည်းပါးနေတာကို တွေ့နေရပါတယ်။ “ကျမတွေ့ရတာကတော့ မပြောင်းလဲသေးဘူး။ အရင်အတိုင်းပဲ ရှိနေသေးတယ်။ ဒါပေမယ့် တခုရှိတာကတော့ ကျမတို့ကတော့ အဲ့ဒီ ပင်လုံညီလာခံ မဟုတ်ဘဲနဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့ အထဲမှာပေါ့နော်။ အီးအေအိုဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြီးတော့ တပ်မတော်အစိုးရရဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာ စောင့်ကြည့်ရမယ့် ဒီလယ်ဘယ်အဆင့်တွေမှာ မိန်းကလေးတွေ ပါဝင်လာတာကို တွေ့ရတယ်” လို့ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း နန်းဆေးအွာက ဆိုပါတယ်။ အဲ့ဒီလို လူမှုရေးကဏ္ဍမူဝါဒတွေ ရုပ်လုံးပေါ်အောင် မဆောင်ရွက်နိုင်သေးတဲ့ အခြားတဖက်မှာတော့ စစ်ကြောင့် နေရပ်စွန့်စွာနေရတဲ့ ဒေသတွေ စခန်းက စစ်ရှောင်ပြည်သူတွေဟာ ဆင်းရဲမှုသက်တမ်း ရှည်သထက် ရှည်ကြာအောင် ခံစားနေကြရပါတယ်။ ဒါတွေက ဘာကြောင့် ပေးဆပ်နေကြရတာလဲ။ ဘယ်သူ့ကြောင့် ဘယ်သူ့အတွက် ပေးဆပ်နေကြရတာလဲ။ အဲ့ဒီနေရာကို ဝင်လိုက်တယ်ဆိုရင်ပဲ စခန်းရဲ့အဝင်မှာ ဧရာမ ပေါင်းအိုးကြီးတွေနဲ့ မီးဖိုကြီးနဲ့ အဲ့ဒီဘေးနားက ညောင်ပင်ကြီးက အထင်သားမြင်တွေ့ရမယ့် အမှတ်အသားတခု။ အဲ့ဒီပေါင်းအိုးကြီးတွေရှိတဲ့ မိုးဖိုတဲကြီးထဲမှာတော့ သံစည်ပိုင်းကြီးနဲ့ ထမင်းတွေ ထည့်ထားတာကို မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီဘေးမှာတော့ အမျိုးသမီး နှစ်ဦးသုံးဦး ရှိနေပါတယ်။ “ဒီနေရာက ထမင်းဝေတဲ့နေရာလေ။ တဲတန်းတွေက စစ်ရှောင်တွေ ထမင်းစားချိန် အသီးသီးလာယူကြတယ်။ ဒီကနေ မိုက်နဲ့လှမ်းအော်ပေးတယ်” လို့ အဲ့ဒီ ထမင်းထည့်ထားတဲ့ သံစည်ပိုင်းကြီးနားက အမျိုးသမီးတဦးက ဆိုပါတယ်။ အဲ့ဒီနေရာရဲ့ တဲတန်းရှည်လေးတွေက စီစီရီရီနဲ့ အရိပ်မဲ့ နေပူပြင်ထဲ တိတ်ဆိတ်နေကြပါတယ်။ တဲလေးတွေက သစ်ရွက်သစ်ခက် အမိုးအကာလေးတွေနဲ့ ဝါးကြမ်းခင်းလေးတွေနဲ့ ၉ ပေပတ်လည် အခန်းကျဉ်းလေးများနဲ့ ဖွဲ့စည်းထားပြီး အခန်းချင်းကပ်လျက်၊ ကြမ်းချင်းကပ်လျက်။ ကျနော်တို့ရောက်သွားချိန်က နေ့ခင်းပိုင်း ၁၀ နာရီကျော်အချိန်။ အဲ့ဒီနေပူပြင်ထဲက တဲငယ်လေးတွေမှာတော့ နေ့ခင်းအချိန်မှာ အသက်ကြီးအရွယ်အိုနဲ့ ကလေးငယ်တွေကိုပဲ အများဆုံးတွေ့ရပါတယ်။ အဲ့ဒီနေရာကို မြိုင်ကြီးငူ စစ်ရှောင်စခန်းလို့ ခေါ်ပါတယ်။ ကရင်ပြည်နယ်ထဲက မြိုင်ကြီးငူဒေသမှာ ရှိပါတယ်။ ဒီနေရာဟာ စစ်ရှောင် ကရင်တိုင်းရင်းသားတို့အတွက် ထမင်းဖြူရယ် တောထဲရှာတဲ့ မျှစ်ရယ် ဒါမှမဟုတ် ငှက်ပျောအူ အစိမ်းရယ်ကို နှမ်းပတ်ချဉ်နဲ့ တို့စားရင်း ဝမ်းရေးကို ဖြေရှင်းနေရတဲ့ နေရာဖြစ်ပေမယ့် သူတို့အတွက်တော့ စစ်နဲ့ဝေးရာ ငြိမ်းချမ်းရာဗိမာန်တခုပါပဲ။ မြိုင်ကြီးငူဒေသဖြစ်လို့ သူ့ကို မြိုင်ကြီးငူ စစ်ရှောင်စခန်းလို့ ခေါ်သလို မြိုင်ကြီးငူ ဆရာတော်ရဲ့ အရိပ်အောက်မှာ တည်ရှိတဲ့အတွက်ကြောင့်လဲ မြိုင်ကြီးငူ စစ်ရှောင်စခန်းလို့ အများအားဖြင့် သမုတ်ထားတာလည်း ဖြစ်ပါတယ်။ “စစ်ဘေးရှောင်မှာ လာနေရတော့ ငွေဝင်လမ်းလည်း မရှိဘူးပေါ့နော်။ ကျပ်ကျပ်တည်းတည်းတော့ နေရတာပေါ့။ ဒါပေမယ့် ရွာမှာနေပြီး စစ်ဘေးကို ရင်ဆိုင်မယ့်အစား ကင်းတာပဲ ပိုကောင်းပါတယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီး နေခဲ့တာ။ တကယ်ပဲ စစ်မတိုက်တော့ဘူး။ မိုင်းအန္တရာယ်ကင်းပြီဆိုရင် ရွာပြန်နေမယ်။ ကျမတို့ ဒီ စစ်ရှောင်စခန်းက ၆ တောင် အခန်းဖွဲ့လေးထဲ မနေချင်တော့ဘူး” လို့ အသက် ၄၀ ခန့်အရွယ်ရှိတဲ့ မတင်လှက စစ်ဘေးရှောင်စခန်းမှာ သူနေထိုင်နေရင်း သူ့အခက်အခဲကို ခုလို ပြောခဲ့တာပါ။ မတင်လှဟာ အဲ့ဒီ စစ်ရှောင်စခန်းက အမျိုးသမီးတာဝန်ခံတဦးလည်း ဖြစ်ပါတယ်။ သူက စခန်းရဲ့ စားနပ်ရိက္ခာပိုင်းကို ထိန်းသိမ်းစောင့်ကြည့် စီမံပေးရသူလည်း ဖြစ်ပါတယ်။ သူမဟာ ကရင်ပြည်နယ် မဲသဝေါလမ်းကြောပေါ်က ရွာတရွာမှာ နေထိုင်တဲ့ မဲသဝေါဇာတိသူတဦးဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ဒီစခန်းကို ရောက်လာခဲ့သူများထဲက တဦးပါ။ “တိုက်ပွဲက ဖြစ်တော့မယ်ဆိုတော့ ဆရာတော်က တရက်လောက်တော့ ခဏ မဖြစ်ပါနဲ့ဦး အဲ့ဒီဒေသက ပြည်သူတွေကို သူ ခေါ်မယ်ဆိုပြီး နှစ်ဖက်အဖွဲ့အစည်းကို မေတ္တာရပ်ခံပြီး ကျမတို့ကို ဒီနေရာကို ခေါ်လာခဲ့တာ။ ကျမ ၁၉၉၂ လောက်တုန်းက တိုက်ပွဲဖြစ်တာနဲ့ ကြုံဖူးတယ်။ အဲ့ဒီတုန်းက ၁၄ နှစ်အရွယ်ပေါ့။ အဲ့ဒီကတည်းက စစ်ဖြစ်တာကို ကြောက်တယ်။ ဒါကြောင့် ခုလည်း စစ်ဖြစ်တော့မှာ ဆိုတာနဲ့ တခါတည်း ဒီစခန်းကို လိုက်ခဲ့တော့တာ” လို့ မတင်လှက ဒီစစ်ရှောင်စခန်းကို ရောက်ခဲ့ရပုံကို ပြောပြပါတယ်။ မတင်လှဟာ ဒီစခန်းကိုမရောက်ခင် မဲသဝေါရွာမှာ အိမ်တအိမ်လည်း ဆောက်ခဲ့ပါသေးတယ်။ သူမရဲ့အိမ်ကိုတော့ သိန်းနှစ်ရာကျော် အကုန်ကျခံ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီ သိန်းနှစ်ရာတန်အိမ်ကို သူမ နှမျောတသစိတ်တွေ ရှိနေပါသေးတယ်လို့လည်း ဆက်ပြောပါတယ်။ မြိုင်ကြီးငူ စစ်ရှောင်စခန်းဆိုတာက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မဲသဝေါဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံပေါင်း ၅၀၀၀ ကျော် ပြောင်းရွှေ့ နေထိုင်နေတဲ့ စခန်းတခု ဖြစ်ပြီး ရိက္ခာခက်ခဲမှုတွေနဲ့လည်း ခဏခဏ ရင်ဆိုင်နေရတဲ့ နေရာတခုပါပဲ။ “ဒီမှာနေတာ အရမ်းကျဉ်းတယ်။ အဆင်မပြေဘူး။ အိမ်မှာက အစ်မရယ် အစ်မယောက်ျားရယ် ပြီးတော့ တူလေးသုံးယောက်နဲ့ နေရတာပဲ။ အပြင်မသွားရဲဘူး။ သိတဲ့သူလည်း မရှိဘူး” လို့ မဲသဝေါကနေ စစ်ရှောင်စခန်းကို ရောက်နေတဲ့ နော်အေးအေးပျိုက ပြောပါတယ်။ အသက် ၁၇ နှစ်အရွယ် ကရင်တိုင်းရင်းသူမလေး နော်အေးအေးပျိုဟာ အပျိုဖော်ဝင်စ လှသွေးကြွ မိန်းမပျိုမလေးဖြစ်ပြီး ခဲအိုဖြစ်သူနဲ့ အစ်မအရင်းဖြစ်သူတို့ လင်မယား အတူနေတဲ့ အခန်းထဲမှာပဲ တခန်းထဲ ကြမ်းတပြေးနေရတဲ့အတွက် အနေအထိုင် ကျဉ်းကျပ်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းတွေကိုပါ ခံစားနေရမယ်ဆိုတာ တွေးကြည့်တာနဲ့ သိနိုင်တဲ့ အနေအထား။ ဒီလို အပျိုဖော်ဝင်စ အမျိုးသမီးငယ်တွေရဲ့ နေထိုင်မှုဘဝ မလုံခြုံမှု အခက်အခဲတွေကြောင့် အသက်ငယ်ရွယ်စဉ်မှာပဲ အိမ်ထောင်ပြုလိုက်ကြတဲ့ အမျိုးသမီးငယ်တွေဟာလည်း စစ်ရှောင်စခန်းတွေမှာ များစွာ ရှိနေကြတဲ့အတွက် သူတို့ရဲ့အနာဂတ်ဟာ သူတို့လိုသလို ပုံချယ်ခွင့်တွေ ပျောက်ဆုံးနေမှုကလည်း လူသားရပိုင်ခွင့်တွေထဲက ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်ပဲ ဖြစ်နေပါတယ်။ တိုက်ပွဲဖြစ်ရာဒေသမှာတင် မဟုတ်ဘဲ တိုက်ပွဲဖြစ်ရာ ဒေသတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်စခန်းတွေမှာလည်း အထူးသဖြင့် အမျိုးသမီးငယ်တွေအတွက် နေထိုင်မှုလုံခြုံရေးကို အမြဲ ခြိမ်းခြောက်နေတယ်ဆိုတာ သူတို့နေထိုင်ရတဲ့ သစ်ရွက်သစ်ခက်အမိုးအကာ အခန်းဆက်တဲတန်းတွေက သက်သေပြနေပါတယ်။ “ကလေးငယ်တွေရှိတယ်။ ပညာရေးကတော့ ဒီမှာ အစိုးရက ချပေးထားတဲ့ ဆရာမတွေရှိတယ်။ လေးတန်းအထိ သင်ပေးတယ်။ ကျန်တဲ့အတန်းတွေကတော့ တခြားဆီ သွားတက်ရတယ်။ တချို့ကတော့ စက်ဘီးမရှိ သွားရတာဝေးတော့ အခက်အခဲ ဖြစ်ကြတာပေါ့။ အမှန်တကယ် ပြောရမယ်ဆိုရင် ကိုယ့်ရွာနဲ့ ကိုယ့်ဒေသတော့ ပြန်နေချင်တာပေါ့။ ဒါပေမယ့် မငြိမ်းချမ်းတဲ့အခါကျတော့ ပြန်နေလို့မရဘူး။ လောလောဆယ်တော့ ဆက်ပြီးတော့ ပြန်နေရမှာပေါ့။ ကိုယ့်ဒေသကိုယ် ဘယ်အချိန်ပြန်ရမလဲ ခန့်မှန်းလို့မတတ်ဘူး။ ကျေန်ာတို့ကတော့ ဒီအတိုင်းပဲ ဆက်နေမယ်။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ပြီဆို အရင်တုန်းကလိုပဲ ပြန်နေလို့ရရင် ပြန်နေမယ်” လို့ မြိုင်ကြီးငူ စစ်ရှောင်စခန်းက အမျိုးသားတဦးက ဆိုပါတယ်။ စစ်ရှောင်စခန်းကလေးငယ်တွေ ပညာရေးအတွက် အစိုးရက တာဝန်ယူပေးထားပေမယ့် ပညာသင်ပေးနေတဲ့ ကျောင်းလေးဟာ အမိုးရှိပေမယ့် အကာတွေကို ပီနံအိတ်ခွံတွေကို စပ်ချုပ်ပြီး ကာထားပါတယ်။ မူလတန်းကျောင်းကလေးဖြစ်ပြီး ကျောင်းစာသင်ခန်း တခန်းနဲ့တခန်းဟာ တိုးလျှိုပေါက် မြင်နေကြားနေရတဲ့ စာသင်ကျောင်းလေးပါပဲ။ ရာသီဥတု ပူပြင်းမှုကြောင့် ချွေးသံတရွှဲရွှဲနဲ့ စာအော်ကျက်နေတဲ့ ကလေးငယ်တွေရယ် ကလေးငယ်တွေ အသံကြားက လွှမ်းအောင် အော်ဟစ်စာသင်ပေးနေရတဲ့ ကျောင်းဆရာမလေးတွေရယ်ကိုလည်း ပင်ပန်းဆင်းရဲစွာ မြင်တွေ့နေရပါတယ်။ စစ်ဘေးဒဏ်အပြင် အမျိုးမျိုးသော မလုံခြုံမှုတွေအောက်က အမျိုးသမီးထုအတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်ထိ အမျိုးသမီးတွေဦးဆောင်ပြီး ကရင်ပြည်နယ် ဘားအံမြို့မှာ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို ကျင်းပခဲ့ပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်မှုအားလုံး ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာပြည်တွင်း လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းမှု ကင်းဝေးနေတဲ့ မလုံခြုံတဲ့ ဘဝတွေကို ရောက်နေတဲ့ အမျိုးသမီးတွေအပြင် ကလေးငယ်တွေပါ စာရင်းမှန် စစ်တမ်းကောက်မရနိုင်အောင်ဘဲ မြန်မာနိုင်ငံမှာ အများအပြား ရှိနေကြပါတယ်။ ကရင်ပြည်နယ် မြိုင်ကြီးငူ စစ်ရှောင်စခန်း တခုတည်းမှာပင် ၁၂ နှစ်အောက်ကလေးငယ် အမျိုးသား ၃၃၂ ယောက်နဲ့ အမျိုးသား ၃၀၅ ရောက် ရှိနေပြီး ၁၂ နှစ်အထက်အနေနဲ့တော့ အမျိုးသား ၅၀၉ ယောက်နဲ့ အမျိုးသမီး ၅၃၅ ယောက် ရှိနေတယ်လို့ သိရပါတယ်။ “တချို့ကျလည်း မပြန်ချင်တော့ဘူး။ တချို့ကတော့ ပြန်ချင်ပေမယ့် ဘယ်လိုပြန်မလဲ ငါတို့ဆီမှာ ရွာလည်းမရှိတော့ဘူး။ အိမ်လည်း မရှိတော့ဘူး။ တကယ်လို့ ပြန်မယ်ဆိုလည်း မိုင်းရှင်းလင်းရေးတွေ မရှိသေးတဲ့အတွက်ကြောင့် ပြန်မယ်ဆိုလည်း ပြန်လို့မရဘူး။ တကယ်လို့ ပြန်ချင်တယ်ဆိုလည်း ကျမတို့အနေနဲ့ ကျမတို့အစိုးရကို တိုက်တွန်းရမှာပေါ့နော်။ ကျမတို့နိုင်ငံသားတွေ ပြန်လာမယ်ဆို နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်၊ နိုင်ငံသားတဦးရဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ခွင့်ဆိုတာကို ဥပမာ အိမ်ထောင်စုဆိုရင်လည်း ကျမတို့ အိမ်ထောင်စုတွေ လုပ်ပေးကြမယ်။ မှတ်ပုံတင်မရှိဘူး၊ ကျမတို့ မှတ်ပုံတင်တွေ လုပ်ပေးရပါမယ်။ အဲ့ဒါကိုတော့ ကျမတို့ ကိုယ်စားလှယ်တွေ အနေနဲ့လည်း အစိုးရကို လက်တွဲပြီးတော့မှ လုပ်ပေးလို့ရပါတယ်လို့၊ တကယ်လို့ ပြန်လာချင်တယ်လို့ မြို့နယ်အလိုက် ဘယ်မြို့နယ်မှာ ဘယ်နှစ်ဦးပြန်လာမယ် စာရင်းအလိုက် ပေးကြပါလို့ ပြောချင်ပါတယ်” လို့ ရှမ်းပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်ခင်ထားရီက ဆိုပါတယ်။ အခုဆိုရင် ၆ လ တကြိမ် ကျင်းပဖို့ ဆုံးဖြတ်ထားတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီး အနေနဲ့လည်း တတိယအစည်းအဝေးကို ကျင်းပဖို့ နီးကပ်လာတဲ့ အနေအထား ရောက်လုနီးနေပြီဖြစ်ပေမယ့် ဒုတိယအစည်းအဝေးမှာ လူမှုရေးကဏ္ဍ သဘောတူညီချက်ထဲမှာ ရေးဆွဲသဘောတူထားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်လည်းကောင်း၊ လူတို့ရဲ့ ပြုမူဆောင်ရွက်မှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်လည်းကောင်း ဒုက္ခသည်များနဲ့ ပြည်တွင်း နေရပ်စွန့်ခွာရသူတွေအပေါ် ခွဲခြားဆက်ဆံမှု မရှိစေဘဲ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးကို ဦးတည်၍ စနစ်တကျ အစီအစဉ်များ ချမှတ်လုပ်ဆောင်ပေးဖို့ မိမိနေရပ်နဲ့ သွားရောက်လိုသည့် အခြားဒေသတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဘေးကင်းလုံခြုံစွာ အခြေချနေထိုင်ဖို့ သက်ကြီးရွယ်အိုများ မသန်စွမ်းများ အမျိုးသမီးများနဲ့ ကလေးသူများရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးများ လူမျိုးရေး ဘာသာရေး ဆင်းရဲ ချမ်းသာ စတဲ့ ခွဲခြားမှုမရှိဘဲ ထိရောက်တဲ့ ကာကွယ်စောက်ရှောက်မှုပေးဖို့နဲ့ လူမှုဘဝ မြှင့်တင်ပေးရေး ဆောင်ရွက်ပေးဖို့ဆိုတဲ့ လူမှုရေးကဏ္ဍမူဝါဒ လေးချက်ထဲက အချက်တွေကိုတော့ ယနေ့ထိ စစ်ဘေးဒဏ်သင့် ပြည်သူတွေအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုသည်ကား ထူးထူးခြားခြား မတွေ့မြင်ရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်စန်ဒေသဘက်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး တောင်ပေါ်သူ တောင်ပေါ်သား ပြည်သူအချို့လည်း မိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ နေရပ်ပြန်ဖို့ မဆိုနှင့် နေရပ်ကျန်သူတွေတောင်မှ ထပ်ပြီး တွယ်ကပ်မနေနိုင်တော့ဘဲ နေရပ်စွန့်ခွာခဲ့ရတာတွေ ဖြစ်ပေါ်လာခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် အနာတရရှိနေတဲ့ ပြည်သူတွေအများစုဟာ ကချင် ရှမ်း ကရင် ဆိုတဲ့ ဒေသတွေမှာ အခက်အခဲမျိုးစုံ ခံစားနေကြရပြီး ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကိုတောင် ပြောဖို့ စွန့်အနေကြရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့ ဒဏ်ရာအနာတရတွေကြောင့် မြန်မာနိုင်ငံတွင်း လူမှုရေး ကျန်းမာရေး ပညာရေး စားဝတ်နေရေး အခက်အခဲတွေနဲ့ လူသားအဖြစ် ရပ်တည်နိုင်မှု ဆုံးရှုံးနေခြင်းတွေနဲ့အတူ ကာလကြာရှည်စွာ စစ်ဘေးသင့်ဒဏ် ခံစားနေရတဲ့ ပြည်သူတွေအတွက် ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ အစိုးရခေါင်းဆောင်တွေ ပြောကြားခဲ့တဲ့အတိုင်း တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား မြန်ဆန်တဲ့ တွေ့ဆုံညှိနှိုင်းမှု လိုက်လျောနားလည် စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေကြီးလည်း အဆုံးသတ်နိုင်ဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။ တဖက်မှာလည်း စစ်ရှောင်ပြည်သူတွေအတွက် ချမှတ်သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေး မူဝါတွေကို ခပ်မြန်မြန် အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေပါတယ်။ ကမ္ဘာ့နိုင်ငံများနဲ့ ယနေ့ အမြန် ရင်ဘောင်တန်းမီနိုင်ရေး အမှန်တကယ် လိုအပ်နေတာကတော့ ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို အနာဂတ်လူငယ်မျိုးဆက်သစ်တွေရဲ့ ပုခုံးပေါ် လွှဲပြောင်းပေးနိုင်ခဲ့ဖို့ တာဝန်တရပ်ပဲ မဟုတ်ပါလား။ မင်းရဲစစ်နိုင်

A d v e r t i s e m e n t With Us

More News
Up