ဘီးလင်းမြို့ဝင်ဂိတ်ရှေ့တွင် ယာဉ်လေးစီး ဆင့်တိုက်မှု ဖြစ်
DVB
·
November 10, 2017
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ်ရှိ မြို့ဝင်ကြေးဘီးခွန် ကောက်ခံရေးဂိတ်ရှေ့မှာ နိုဝင်ဘာ ၈ ရက် ညပိုင်းက ယာဉ် ၄ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဘီးလင်းမြို့မရဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ မော်လမြိုင်ကနေ ရန်ကုန်ကို ယာဉ်မောင်းကြည်စိုး မောင်းနှင်လာတဲ့ ၁၂ ဘီး ထင်းသည်ယာဉ်ဟာ ဘီးလင်းမြို့ဝင်ကြေး ဂိတ်ရှေ့မှာ ဂိတ်ကြေးဖြတ်ဖို့ စောင့်ဆိုင်းနေတဲ့ Hi Ace ယာဉ်ရဲ့ အနောက်ဝဲဘက်ခြမ်းကို ဝင်တိုက်မိပြီး တစ်ဖက်ယာဉ်ကြောကိုရောက်ရှိကာ လမ်းတဖက်ရှိ ခရီးသည်တင်မော်တော်ယာဉ်ကို ထပ်မံတိုက်မိခဲ့ပြီး ထိုယာဉ်က အနောက်မှာရှိတဲ့ Honda Fit မော်တော်ယာဉ်ကို ထပ်မံဝင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။
ဘီးလင်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက “ထင်းသယ်လာတဲ့ ၁၂ ဘီးကားက ဂိတ်ကြေးဖြတ်ဖို့ ရပ်ထားတဲ့ ကားတစီးကိုဝင်တိုက်မိရာကနေ အခုလိုမော်တော်ယာဉ် ၄ စီးဆက်ပြီး တိုက်မိတာပါ။ ကျန်တဲ့ကားက လူတွေရဲ့ ဒဏ်ရာက မစိုးရိမ်ရပေမယ့် ထင်းသယ်တဲ့ကား ယာဉ်မောင်းကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ထင်းသယ်ယာဉ်မောင်း ကြည်စိုးမှာ ယာဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ယာလက်ကောက်ဝတ်ပွန်းပဲဒဏ်ရာ၊ ယာလက်ဖျံပေါက်ပြဲဒဏ်ရာနဲ့ ယာရင်အုံအောင့်ဒဏ်ရာများရရှိခဲ့ကာ တခြားမော်တော်ယာဉ်မောင်း ၁ ဦးနဲ့ ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသမီး ၂ ဦးတို့မှာ သာမန်ပွန်းပဲ့ဒဏ်ရာများသာရရှိပြီး မော်တော်ယာဉ် ၄ စီးလုံးရဲ့ ယာဉ်အစိတ်အပိုင်းတချို့ ပျက်စီးသွားခဲ့ပါတယ်။
ဘီးလင်းမြို့မရဲစခန်းက ထင်းသယ်ယာဉ်မောင်း ကြည်စိုးကို အပြင်းအထန် နာကျင်စေမှုပုဒ်မ-၃၃၈၊ နာကျင်စေမှုပုဒ်မ-၃၃၇၊ ယာဉ်အားမဆင်မခြင် မောင်းနှင်မှု ပုဒ်မ-၂၇၉ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-ယူမင်းစိုး
ဓာတ်ပုံ-ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း