DVB Logo
Home
မြန်မာသတင်း
လှည်း​ကူး​မှာ စစ်ဗိုလ်က ရာအိမ်မှူး​ကို ​သေနတ်နဲ့​ပစ်
DVB
·
April 4, 2012
Donate to DVB

ရန်ကုန်တိုင်း​၊​ လှည်း​ကူး​မြို့​နယ်ထဲမှာ ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပတဲ့​နေ့​က တပ်မ​တော် ဗိုလ်ကြီး​တဦး​က ရာအိမ်မှူး​တဦး​ကို ​သေနတ်နဲ့​ ပစ်ခတ်တဲ့​ ဖြစ်ရပ်တခု ဖြစ်ပွား​ခဲ့​တယ်လို့​ ရဲစခန်း​နဲ့​ဒေသခံ​တွေက ​ပြောပါတယ်။

လှည်း​ကူး​မြို့​နယ် မင်း​တုန်း​ အမှတ် ၁ တပ်မ​တော် အ​ခြေခံ​လေ့​ကျင့်​ရေး​တပ်က ဗိုလ်ကြီး​ကျော်ဦး​က ​ဖောင်ကြီး​ ပန်း​တောကုန်း​ ​ကျေး​ရွာက ရာအိမ်မှူး​ ဦး​သိန်း​ဇော်ကို ​သေနတ်နဲ့​ ပစ်ခတ်ခဲ့​တာပါ။

သေနတ်နဲ့​အပစ်ခံရတဲ့​ ရာအိမ်မှူး​က ​ဖောင်ကြီး​ရဲစခန်း​မှာ အမှုဖွင့်​ထား​တယ် ဆိုတဲ့​အတွက် အမှုနဲ့​ပတ်သက်ပြီး​ ရဲစခန်း​ကို ဖုန်း​ဆက်​မေး​ကြည့်​တော့​ စခန်း​တာဝန်ကျသူက ဒီပစ်ခတ်မှု ဖြစ်ပွား​ကြောင်း​ ဒီဗွီဘီကို ခုလိုအတည်ပြု ​ပြောပါတယ်။

“ကျ​နော်တို့​ ပ နံပါတ်က ၃၀၊​ ပုဒ်မက ၃၂၆/၃၂၅ နဲ့​ အ​ရေး​ယူတာပါ။ ​သေ​စေနိုင်​သော လက်နက်နဲ့​ ဒဏ်ရာရ​အောင် လုပ်တာ​ပေါ့​။ စစ်စည်း​ကမ်း​အရ သက်ဆိုင်ရာ တပ်က​နေပြီး​တော့​ အခု စစ်ခုံရုံး​နဲ့​ စစ်​ဆေး​ဆဲ ကာလပါ။ ကျ​နော်တို့​က​တော့​ အမှုဖွင့်​ပြီး​တော ကျ​နော်တို့​ နယ်ဖက် စစ်ဖက် ​မေး​ရဦး​မယ်​လေ။ ​မေး​ပြီး​တော့​မှ ကျ​နော်တို့​က အမှုတွဲ လွှဲမှာ။ ​လော​လောဆယ်​တော့​ သူတို့​ရဲ့​ လုပ်ထုံး​လုပ်နည်း​အရ ခုံဖွဲ့​ပြီး​တော့​ စစ်​ဆေး​နေတယ်လို့​ ကြား​တယ်။”

ဒီပစ်ခတ်မှု ဖြစ်ပွား​ခဲ့​ပုံနဲ့​ ပတ်သက်ပြီး​ ​ဒေသခံ လှည်း​ကူး​မြို့​နယ် အန်အယ်လ်ဒီပါတီ ပြန်ကြား​ရေး​မှူး​ဦး​တင့်​ထွန်း​က ​ပြောပြပါတယ်။

“ဗိုလ်ကြီး​ကျော်ဦး​က မဲ​ပေး​တဲ့​နေ့​ ည ၇ နာရီ​လောက် ပြန်လာတာ။ ​ဖောင်ကြီး​ဘက်ကို အပြန် ဟိုဘက်က ဗဟိုဝန်ထမ်း​ဘက်က​နေ အထွက် မျက်နှာချင်း​ဆိုင် မီး​ထိုး​လာ​တော့​ မီး​ထိုး​လာပြီး​တော့​ အဲဒီမှာတင် ဒီဘက်က ရာအိမ်မှူး​ကို​ပေါ့​။ သူက လှမ်း​ဆဲ​တော့​ ရာအိမ်မှူး​ကလည်း​ ​ပြောတာ​ပေါ့​။ မင်း​ဘာလို့​ဆဲတာလဲ ဘာလဲ ညာလဲဆိုပြီး​တော့​ ဆိုင်ကယ်ရပ်ပြီး​တော့​ ပြဿနာ ဖြစ်တာ။ တ​ယောက်နဲ့​ တ​ယောက် ပြဿနာရှာတဲ့​အခါကျ​တော့​ အရာရှိဖြစ်တဲ့​သူက ငါ ဗိုလ်ကြီး​ကွ မင်း​မသိဘူး​လား​ဆိုပြီး​ပြော​တော့​ ရာအိမ်မှူး​က ​တောင်း​ပန်ပါတယ်တဲ့​။ ​တောင်း​ပန်တာကို ​သေနတ်ဒင်နဲ့​ ​ခေါင်း​ကို ထုပြီး​ ​သေနတ်နဲ့​ ပစ်လိုက်တယ်။ ဘယ်ဘက် ပခုံး​ညှပ်ရိုး​ကို ထိသွား​တယ်လို့​ပြောတယ်။”

ရာအိမ်မှူး​ ဦး​သိန်း​ဇော်ဟာ ရရှိတဲ့​ ဒဏ်ရာ​ကြောင့်​ ရန်ကုန် ဦး​နှောက်နဲ့​အာရုံ​ကြော ​ဆေး​ရုံကြီး​မှာ တက်​ရောက် ​ဆေး​ကုသမှုခံယူခဲ့​ရပြီး​၊​ အခု​တော့​ ရန်ကုန်ပြည်သူ့​ဆေး​ရုံကြီး​မှာ ဆက်လက်ကုသမှု ခံယူ​နေပါတယ်။ အသက်အန္တရာယ် စိုး​ရိမ်စရာ မရှိဘူး​လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013