ငြိမ်းချမ်းရေးမီးထွန်းပွဲနှင့် လမ်းလျှောက်စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲကျင်းပ
DVB
·
November 9, 2017
ငြိမ်းချမ်းရေးမီးထွန်းပွဲနှင့် လမ်းလျှောက်စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာကော်မတီက ဦးစီးပြီး ငြိမ်းချမ်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်ထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ရက်သတ္တပတ်လှုပ်ရှားမှု သတ်မှတ်ထားတဲ့ ရက်အတွင်းမှာတော့ ငြိမ်းချမ်းရေး မီးထွန်းပွဲနှင့် လမ်းလျှောက်စာအုပ်ဈေးပွဲတော်၊ ငြိမ်းချမ်းရေးချိုးငှက်မီးပုံး ၃၀၀ ထွန်းညှိတာ၊ စာအုပ်အရောင်းဆိုင်တွေ ခင်းကျင်းရောင်းချတာ၊ အခမဲ့စတုဒီသာပေးလှူတာ စတာတွေကို ပြုလုပ်သွားမှာပါ။
နိုဝင်ဘာ ၁၁ ရက်မှတော့ အမျိုးသမီးအခွင့်အရေးနှင့် ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ ကို မန္တလေးမြို့ ၇၈ လမ်းနဲ့ ၃၄ လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးတွေနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းခန်းမမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီမှာလည်း မနော်ရမ္မံလူထုဟစ်တိုင်ကွင်းမှာ ငြိမ်းချမ်းရေး ဂီတပဒေသာကပွဲကို အဆိုတော်မွန်းအောင်နဲ့အတူ တိုင်းရင်းသား အကပဒေသာ ဖျော်ဖြေမှုတွေနဲ့ ကျင်းပသွားမှာပါ။