Homeရှေးကောကျပှဲကြားဖြတ်ရွေးကောက်ပွဲရလဒ်ပေါ် နိုင်ငံရေးပါတီများ၏ အမြင်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ - အထွေထွေအတွင်းရေးမှူး - ဦးဌေးဦး
“ပြည်သူက သဘောကျတဲ့သူကို ရွေးသွားတယ်လို့ပဲ မြင်ပါတယ်။ ကျနော်တို့အနေနဲ့ ပြောစရာမရှိပါဘူး။ ဘာပဲပြောပြော သူတို့တွေ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် တဲ့အချိန်မှာ ပိုပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ကျနော် တို့ပါတီအနေနဲ့ ပြည်သူတွေ အကျိုးရှိတဲ့ကိစ္စကို နဂိုကတည်းက လုပ်နေပါတယ်။ အခုလည်း လုပ်နေပါတယ်။ နောင်ကိုလည်း ဆက် လုပ်သွားပါမယ်။ ပါတီဘက်က အားနည်းချက် ရှိရင်လည်း ဒါကို ပြုပြင်ပြီး လုပ်သွားရမှာပါ။ ပြည်သူ အကျိုးရှိတဲ့ လုပ်ငန်းတိုင်းကို ဆောင်ရွက်တဲ့သူ မှန်သမျှ အားလုံးကို ပါတီက ဝိုင်းဝန်း ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်။”
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ - ဒေါက်တာစိုးမင်း (ကောမှူးအမတ်လောင်း)
“ပြည်သူတွေက အမေစုကို ချစ်တာပဲလေ။ ကော့မှူးမြို့နယ်က အမေစုကို အပ်လိုက်ပြီပေါ့။ ကိုယ်တို့နိုင်ငံကို အချုပ်ခြာအာဏာတည်မြဲအောင် အမေစုကို ဆက်လုပ်ပါလိမ့်မယ်။ ကော့မှူးက လူတွေလည်း ရှေ့ကို စိတ်ချမ်းချမ်းသာသာနဲ့ ဆက်သွားလို့ရပြီပေါ့။ အားလုံးကတော့ အမေစုကို ယုံလိုက်မှာပေါ့။ ဒို့ကလည်း စောင့်ကြည့် နေမှာပါ။”
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - ဦးဟန်ရွှေ
“လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတခုအနေနဲ့ အန်အယ်လ်ဒီပါတီက အများစု အနိုင်ရသွားပါတယ်။ ဒီရလဒ်ကို ကျနော်တို့ လက်ခံပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အဆုံး အဖြတ်ပါပဲ။ အများစု အနိုင်ရသွားတဲ့ အန်အယ်လ်ဒီပါတီကိုလည်း တစညပါတီက ဂုဏ်ပြုပါတယ်။ ”
ဒီမိုကရက်တစ်ပါတီ (မြန်မာ) - ဥက္ကဋ္ဌ - ဦးသုဝေ
“ကျနော်တို့လည်းပဲ ဒီရွေးကောက်ပွဲမှာပါတယ်။ ရွေးကောက်ပွဲ ဖြစ်စဉ်မှာလည်း ကျနော်တို့ကိုယ်တိုင် မြင်တွေ့တဲ့အခါ သာမန်အားဖြင့် ပြောရရင် တရားမျှတတယ်ပေါ့။ နောက်ပြီး အန်အယ်လ်ဒီကို လူထုက တခဲနက် မဲပေးလိုက်တာက ဒီစနစ်ကြီးကို အပြောင်းအလဲ လိုချင် တယ်။ စနစ်ပြောင်းလိုတဲ့အတွက် သူတို့က မဲပေးလိုက်တယ်လို့ မြင်ပါတယ်။”
အမျိုးသားဒီမိုကရေစီပါတီသစ် - ဥက္ကဋ္ဌ- ဦးသိန်းညွန့်
“ရွေးကောက်ပွဲဆိုတာက ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ခံတာပဲလေ။ အဲဒီတော့ ပြည်သူ့ဆန္ဒကို ရွေးကောက်ပွဲ ဥပဒေနည်းဥပဒေနဲ့အညီရပြီးတော့ လွှတ်တော်ထဲ ရောက်လာမယ့် လူတွေအားလုံးကို ကျနော်တို့က ကြိုဆို ဂုဏ်ပြုရမှာပေါ့။ တချိန်ထဲမှာပဲ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရှုံးနိမ့်သွားတဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်တွေ အတွက်လည်း ကျနော်တို့က အားပေးစကား ပြောရမှာပေါ့။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ - ဥက္ကဋ္ဌ - ဦးခင်မောင်ဆွေ
“အန်အယ်လ်ဒီ အနိုင်ရတဲ့အတွက် ကျနော်တို့ပါတီ မနိုင်သော်လည်း ဝမ်းသာအားရ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မျှော်မှန်းချက်က ကျနော်တို့ပါတီ အနိုင်ရရေး မဟုတ်ပါဘူး။ ပြည်သူတွေ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ရေး၊ ဒီမိုကရေစီရရှိရေးအတွက် ခိုင်မာတဲ့ အနေအထားတရပ်ကို ဖြစ်ပေါ်စေရေးက အန္တိမရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီအနိုင်ရတာကို ကျနော်တို့ ကြိုဆိုပါတယ်။ လွှတ်တော်ထဲမှာ အန်ဒီအက်ဖ် ပါတီက ၁၀ ယောက်လောက် ရှိနေတာကိုး။ အခု အန်အယ်လ်ဒီပါတီက ၄၀ လောက် ရောက်လာမယ် ဆိုတော့ နောက်ပြီး ကျားဖြူပါတီမှာလည်း တော်တော်များများ ရှိပါတယ်။ ရခိုင်ပါတီလည်း တော်တော် များများရှိပါတယ်။ မွန်၊ ကရင် စသဖြင့် ရှိတဲ့ခါ ဒီမိုကရက်တစ်ပါတီတွေဖြစ်တဲ့ ကျနော်တို့ပါတီတွေ အနေနဲ့ အန်အယ်လ်ဒီနဲ့သာ ပူးပေါင်းလိုက်မယ်ဆိုရင် အများစုမဟုတ်တောင် ခန့်ညားလောက်တဲ့ အနေအထားမှာရှိပြီး ပြောဆိုနိုင်ခွင့်တွေက ပိုတက်လာလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ပါ လွှတ်တော်ထဲမှာ ရှိနေရင် လုပ်ကိုင်ရတာ ပိုပြီးတော့ သွက်လက် ထက်မြက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ပူးပေါင်း ဆောင်ရွက်မှုကို ကျနော်တို့ဘက်က မျှော်လင့်ပါတယ်။”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - ဥက္ကဋ္ဌ - စိုင်းအိုက်ပေါင်း
တရားမျှတတဲ့ရွေးကောက်ပွဲလို့ ပြောလို့ရတာပေါ့။ အန်အယ်လ်ဒီ နိုင်သွားတဲ့အတွက် ကောင်းတာပေါ့။ လွှတ်တော်ထဲ ရောက်မှပဲကျနော်တို့ ကြည့်ရမှာပေါ့၊ ဘယ်လိုဖြစ်လာ မလဲဆိုတာတော့။ သူတို့လည်း လွှတ်တော်ထဲ ရောက်မှာပဲလေ။ ကျနော်တို့လူတွေလည်း လွှတ်တော်ထဲမှာ ရှိမှာပေါ့၊ ကြိုဆိုတာပေါ့၊ ဘယ်သူမဆို ပြည်သူက ရွေးကောက်တင်မြှောက်တဲ့သူ ဘယ်သူမဆိုကျနော်တို့က ကြိုဆိုရမှာပဲလေ။”
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ - အထွေထွေအတွင်းရေးမှူး-ဦးလှစော
အန်အယ်လ်ဒီအနေနဲ့ တကယ့် ထိုက်တန်တဲ့အောင်ပွဲကို ထိုက်တန်တဲ့ လူထုထောက်ခံမှုနဲ့ အောင်ပွဲတွေရရှိသွားတဲ့အတွက်လည်း ကျနော်တို့ အများကြီး ဝမ်းသာပါတယ်။ အဲ့တော့ ကျနော်တို့ ဒီမိုကရေစီ အကူးအပြောင်းကာလတခုမှာ လွှတ်တော်ထဲကို အန်အယ်လ်ဒီ ရောက်လာမှာပေါ့။ ရောက်လာတဲ့အတွက် တကယ့် ဒီမိုကရေစီတိုက် ဖော်တိုက်ဖက်တွေ တိုးလာတယ်ပေါ့ဗျာ။ ခုလွှတ်တော်ထဲမှာ ရောက်နေတဲ့ တိုင်းရင်းသားအင်အားစုတွေ တခြားဒီမိုကရေစီ အင်အားစုတွေဆိုတာ အင်အားနည်းပါတယ်။ အဲ့တော့ အန်အယ်လ်ဒီ အင်အားစုတွေ တိုက်ဖော်တိုက်ဖက်တွေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ ဘက်တော်သားတွေ ရောက်လာမယ်ဆိုရင်တော့ မြန်မာပြည်အတွက် အင်မတန် အားကိုး မျှော်လင့်စရာကြီးတခု ဖြစ်လာမယ်လို့ခံယူပါတယ်။”