အိုင်တီ အလွဲသုံးသူတွေ ထိန်းကျောင်းရေးအဆို လွှတ်တော်အတည်ပြု
DVB
·
November 8, 2017
အိုင်တီနည်းပညာအလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းဖို့ ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
နိုဝင်ဘာ ၈ ရက် ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး အိုင်တီနည်းပညာအလွဲသုံးတာကို စောင့်ကြည့်ထိန်းကျောင်းဖို့ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနကလည်း သဘောတူထောက်ခံခဲ့ပါတယ်။
ဂန့်ဂေါ မဲဆန္ဒနယ်က ဒေါ်ယဉ်မင်းလှိုင်က “လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာအလွဲ သုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန်၊ (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီနောက် ပို့ဆောင်ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မောင်က အဆိုကို အတည်ပြုသင့်ကြောင်း အချက် ၃ ချက်နဲ့ ဆွေးနွေးခဲ့ပြီး ပြည်သူလူထုကို ပညာပေးဖို့ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။
"တစ် အချက်က ပြည်သူလူထုကို ပညာပေးရမယ်။ တာဝန်သိတဲ့ တာဝန်ကျေပွန်တဲ့ လူမှုကွန်ရက်အသုံးပြုသူတွေဖြစ်လာဖို့ရာအတွက် ပြည်သူလူထုအများဆုံး အသုံးပြုနေတဲ့ ဆိုရှယ် မီဒီယာတခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုရာမှာ လိုက်နာသင့်သည့်အချက်များ၊ သတိပြုရမယ့် အချက်များကို ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး နိုင်ငံပိုင်ရုပ်သံ၊ ရေဒီယိုတို့မှ ထည့်သွင်းထုတ်လွှင့်ခြင်း၊ ပညာပေးခြင်း၊ အန်ဂျီအိုများ လူမှုအထောက်အကူပြုအဖွဲ့များနဲ့ ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။”
လိုအပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းဖို့ လိုအပ်သလို ဆက်သွယ်ရေးလိုင်စင်ရကုမ္ပဏီများနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့လည်း လုပ်ရမယ်လို့ ၀န်ကြီးက ပြောပါတယ်။
၂၀၁၇ စက်တင်ဘာအထိစာရင်းတွေအရ ပြည်တွင်းမှာ လက်ကိုင်ဖုန်းသုံးသူ ၅၆ သန်းကျော် ရှိပြီး အင်တာနက်အသုံးပြုသူ ၄၆သန်းကျော် ရှိပါတယ်။
ဒီထဲ ဖေ့စ်ဘွတ်ခ်အသုံးပြုသူပေါင်း ၁၄ သန်းခန့်ရှိပြီး ဖေ့စ်ဘွတ်ခ်ပေါ်ကနေ မမှန်သတင်းလွှင့် နေသူတွေ အမြောက်အမြားရှိနေတာ ဖြစ်ပါတယ်။