အမေရိကန် စစ်လက်နက်ပစ္စည်းများ တောင်ကိုရီးယား ဝယ်ယူမည်

ဓာတ်ပုံ - ရိုက်တာ
2.8K
အမေရိကန်ဒေါ်လာ သန်းထောင်ချီ တန်ကြေးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို တောင်ကိုရီးယားက ဝယ်ယူတော့မှာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားသွားပါတယ်။
တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာ ၇ ရက်နေ့က တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားသွားတာပါ။
“ကျေန်ာတို့ဟာ ကမ္ဘာ့အကောင်းဆုံး စစ်လက်နက်တွေ ထုတ်လုပ်ပါတယ်။ လေယာဉ်ရော၊ ဒုံးကျည်တွေရောပေါ့။ ဘာပဲဖြစ်ဖြစ် ကျနော်တို့မှာ ကမ္ဘာ့အကောင်းဆုံး စစ်လက်နက်တွေ ရှိပါတယ်။ တောင်ကိုရီးယားဟာ အဲဒီစစ်လက်နက်ပစ္စည်းတွေ ဝယ်ယူတော့မှာပါ။ ဒီလိုဝယ်တာ သူတို့အတွက် အဓိပ္ပာယ်ရှိသလို ကျနော်တို့အတွက်လည်း အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာပါ။ အခုကိစ္စက အမေရိကန်နဲ့ တောင်ကိုရီးယား ကုန်သွယ်ရေးမှာ အမေရိကန်ဘက်က လိုငွေပြနေတာကို လျှော့ချနိုင်မှာပါ။ သူတို့က ဒေါ်လာ သန်းထောင်ချီတန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်တော့မှာ။ တချို့ဟာတွေဆိုရင် ဝယ်ဖို့ အတည်တောင်ပြုပြီးပါပြီ။”
တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းကလည်း “အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒီခရီးစဉ်ဟာ ကိုရီးယားကျွန်းဆွယ် အခြေအနေ တည်ငြိမ်သွားအောင် စီမံနိုင်ဖို့ အချိုးအကွေ့တခုပါ” လို့ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားတိုးတက်မှု ရပ်တန့်သွားအောင်လုပ်ဖို့၊ နောက်ဆုံး လုံးဝစွန့်လွှတ်သွားဖို့အတွက် အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်လို့လည်း တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းက ပြောသွားပါတယ်။