Home
မြန်မာသတင်း
ရခိုင်အရေး ကုလထုတ်ပြန်ချက် မြန်မာ လက်မခံ
DVB
·
November 8, 2017
ရခိုင်အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ကြေညာ ချက်ကို လက်မခံနိုင်ဘဲ အဲ့ဒီထုတ်ပြန်ချက်ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ချောမွေ့စွာသွားနေတဲ့ စေ့စပ်ဆွေးနွေးမှုတွေကို ထိခိုက်စေမယ့် အန္တရာယ်ရှိတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်အပေါ် မြန်မာအစိုးရက ချက်ခြင်းတုံ့ပြန်လိုက်တာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ  ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ကြိုးပမ်းမှု အချို့အဝက်ကိုသာ အသိအမှတ်ပြုခဲ့တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အတိုင်ပင်ခံရုံးရဲ့ နိုဝင်ဘာ ၇ ရက် ထုတ်ပြန်ချက်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေဟာ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားသူတွေ နေရပ်ပြန်လည်ရောက်ရှိလာရေးအတွက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ချစ်ခင်ရင်းနှီးစွာ ဆက်လက်ဆွေးနွေးလျက် ရှိတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကိုလည်း နိုဝင်ဘာလ ၁၆ ရက်ကနေ ၁၈ ရက်အထိ မြန်မာနိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားထားပြီး နှစ်ဦးနှစ်ဖက် လက်ခံကျေနပ်တဲ့ သဘောတူညီချက်တရပ် ရရှိစေဖို့  မျှော်မှန်းချက်နဲ့ ဖိတ်ကြားခဲ့တာဖြစ်တယ်။ ဒါ့ကြောင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာနဲ့ ကိုင်တွယ်ဖြေရှင်းနေဆဲ ဖြစ်တဲ့ အခြေအနေတရပ်နဲ့ ပတ်သက်ပြီး လိုအပ်မှုမရှိဘဲ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းအပေါ် မြန်မာအစိုးရ အနေနဲ့ လက်ခံကျေနပ်ခြင်းမရှိဘူးလို့ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024