ဒေါ်အောင်ဆန်းစုကြည် အေးပက်နှင့် အာဆီယံ စည်းဝေးပွဲ တက်မည်
DVB
·
November 7, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံ ခေါင်းဆောင်တွေနဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေ သီးသန့်တွေ့ဆုံပွဲ တက်ရောက်မှာဖြစ်ပါတယ်။
နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်ရဲ့ ဖိတ်ကြားချက်အရ ဒါနန်းမြို့မှာကျင်းပမယ့် အာဆီယံနိုင်ငံ ခေါင်းဆောင်တွေနဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေရဲ့ သီးသန့် တွေ့ဆုံပွဲကို တက်ရောက်မယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေးရဲ့ ဖိတ်ကြားချက်အရ မနီလာမြို့မှာ ကျင်းပမယ့် ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ပြုလုပ်မှာဖြစ်ပြီး အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၃ ရက်ကနေ ၁၇ ရက်ထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။