Home
မြန်မာသတင်း
လှည်းကူးတွင် တောဆင်ရိုင်းတကောင် အသတ်ခံရ
DVB
·
November 6, 2017
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ မရမ်းချောင်းကျေးရွာအုပ်စုနဲ့ ကျောက်ချောကျေးရွာအုပ်စု အရှေ့ဘက်သဲကောချောင်းနဲ့ ဝါးတလက်ချောင်းအစုံမှာ နိုဝင်ဘာ ၅ ရက်နေ့က အသက် ၈ နှစ်အရွယ် တောဆင်ရိုင်းတကောင် ဆင်မုဆိုးတွေရဲ့ အသတ်ခံခဲ့ရပြီး လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနနဲ့ ပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ "တောဆင်ရိုင်းက အကောင်ငယ်ပါ။ အသက်က ၈ နှစ်၊ အမြင့်က ၅ ပေ ၈ လက်မ၊ လုံးပတ်က ၁၀ ပေ ၆ လက်မ၊ အလျား ၆ ပေခွဲ၊ နှာမောင်း ၄ ပေ ၆ လက်မ၊ အမြီးလုံးပတ်က ၇ လက်မနဲ့ အရှည် ၃ ပေ၊ ရှေ့ခွာနောက်ခွာအချင်း ၉ လက်မတို့ဖြစ်ပြီး ဆင်က ဟိုင်းဆင် အမျိုးအစား အထီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်လောက်က သေဆုံးတာလို့ ခန့်မှန်းရပါတယ်။ ကျနော်တို့တွေတော့ ဆင်က အရေပြားတွေ အခွါခံထားရပြီး ပုပ်စော်နံနေပါပြီ။ ဆင်မုဆိုးတွေ အသတ်ခံထားရတာ ဖြစ်တယ်လို့ ယူဆရကြောင်း ၂၀၁၇ ခုနှစ်မှာ လှည်းကူးမြို့နယ်မှာ ဒါက ပထမဆုံးအကြိမ် အသတ်ခံရတာဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတော့ လှည်းကူးမြို့နယ်မှာ တောဆင်ရိုင်း ၅ ကောင်လောက် သေဆုံးခဲ့တယ်” လို့ သာယာဝတီသစ်ထုတ်လုပ်ရေးမှာ ဆင်ဆရာဝန် ဦးဖြိုးသူအောင်က ပြောပါတယ်။ သာယာဝတီမြို့နယ်၊ တိုက်ကြီးမြို့နယ်နဲ့ လှည်းကူးမြို့နယ်တွေမှာ နှစ်စဉ် တောဆင်ရိုင်း တွေ ရိုးရိုးသေဆုံးတာနဲ့ ဆင်မုဆိုးတွေရဲ့ သတ်ဖြတ်တာခံနေရပြီး အခုအခါ သစ်ထုတ်လုပ်ရေး ဦးစီးဌာနလက်အောက်ရှိ အရေးပေါ် တောဆင်ရိုင်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တောဆင်ရိုင်းတွေ ဆင်မုဆိုးတွေရဲ့ အသတ်ခံရမှုမှ ကာကွယ်ရေးအတွက် ဆင်တွေနဲ့ ကင်းလှည့်ဆောင်ရွက်တာတွေ ပြုလုပ်နေပါတယ်။ တိုက်ကြီးမြို့နယ်မှာ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တောဆင်ရိုင်းအကောင်ရေ ၁၀ ကောင်ကျော် အသတ်ခံရပြီး မြန်မာနိုင်ငံမှာ တောဆင်ရိုင်းအကောင်ရေ ၃၀၀၀ လောက်သာ ကျန်ရှိပါတယ်။ သစ်တောဦးစီးဌာနတွေနဲ့ တောဆင်ရိုင်းထိန်းသိမ်းကာကွယ်ရေးအဖွဲ့တွေက ပြည်သူတွေနဲ့ ထိတွေပြီး အသိပညာပေးဟောပြောပွဲတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024