A d v e r t i s e m e n t With Us

အမေရိကန်ဘုရားကျောင်းတခုတွင်း သေနတ်သမား ဝင်ရောက်ပစ်ခတ်၊ ၂၆ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ထဲက ခရစ်ယာန်ဘုရားကျောင်းတခုအတွင်း သေနတ်သမားတဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူပေါင်း ၂၆ ဦး သေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီပစ်ခတ်မှုဟာ ဆူသာလင်းမြို့က ခရစ်ယာန်ဘုရားကျောင်းအတွင်းမှာ လူတွေ ဝတ်ပြုဆုတောင်းပွဲ ကျင်းပနေချိန် ဖြစ်ခဲ့တာပါ။ သေနတ်သမားဟာ လမ်းတဖက်ခြမ်းမှာ ကားကိုရပ်ထားခဲ့ပြီး လမ်းကိုဖြတ်ကာ ဘုရားကျောင်းဘက်ဆီ ကူးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အသင့်ယူလာတဲ့ ရူဂါအေအာရ် ချေမှုန်းရေးရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ပြန်ထွက်ခဲ့ချိန်မှာတော့ အရပ်သားတဦးက သူ့ဆီရောက်လာခဲ့ပြီး ဖမ်းဖို့ ကြိုးစားခဲ့တာပါ။ အဲဒီအခြေအနေမှာ သေနတ်သမားလည်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပေမယ့် ဒါဟာ အရပ်သားကပစ်လို့ သေတာလား၊ ဘယ်သူကပစ်လို့ သေသလဲ ဆိုတာကို မသိနိုင်သေးပါဘူး။ ဒီတိုက်ခိုက်မှုမှာ သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အနည်းဆုံး ၂၀ လောက် ရှိခဲ့ပါတယ်။ သေနတ်သမားဟာ အသက် ၂၀ အရွယ် ဒယ်ဗင်ကယ်လီ အမည်ရတဲ့ လူဖြူတဦးဖြစ်ပြီး အမေရိကန် လေတပ်စစ်မှုထမ်းဟောင်းတဦး ဖြစ်တယ်လို့ ဖော်ပြကာ ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှု ဟုတ်မဟုတ်ကိုတော့ သက်ဆိုင်ရာက ဖော်ပြထားတာ မရှိပါဘူး။ ထိခိုက်ဒဏ်ရာ ရရှိသူတွေကိုတော့ ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ်နဲ့ ဘရွတ်ခ် စစ်တပ် ဆေးကုသရေးစင်တာဆီ ပို့ဆောင်ပြီး ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အာရှ ၅ နိုင်ငံခရီးစဉ်ရဲ့ ကနဦးအဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အခြေအနေကို စောင့်ကြည့်နေကာ ဆူသာလင်းမြို့ ပြည်သူတွေနဲ့အတူ ဘုရားသခင် ရှိနေပါစေလို့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up