လူမနေသည့် ကျွန်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ရှေးဟောင်းမြို့ တွေ့

ပစိဖိတ်သမုဒ္ဒရာ အလယ်မှာ လျှို့ဝှက်ဆန်းကြယ် ကျွန်းတကျွန်းကို ရှာဖွေတွေ့ရှိလိုက်တာက လက်တွေ့မှာ တကယ်မရှိဘဲ စိတ်ကူးယဉ် ကျွန်းဖြစ်တဲ့ အတ္တလန်တစ်ကျွန်းက တကယ်ရှိနေတယ်ဆိုတာ မျှော်လင့်ချက် ရောင်ခြည်သန်းလာတယ်လို့ ရှေးဟောင်းသုတေသီတွေက ပြောပါတယ်။ နန်မဒေါ (Nan Madol) လို့ခေါ်တဲ့ ရှေးဟောင်းသုတေသန နယ်မြေရှိ ရှေးဟောင်းမြို့က လူသူမရောက်နိုင်တဲ့နေရာမှာ ရှိလို့ ယခုအချိန်ထိ မရောက်ရှိနိုင်သေးပေမယ့် သွားရောက်လေ့လာဖို့ ရှေးဟောင်းသုတေသီတွေက နည်းပညာအသစ်တွေ သုံးစွဲနေကြပါတယ်။ “What on Earth?” လို့ အမည်ပေးထားတဲ့ သိပ္ပံရုပ်သံလိုင်းမှာ တွေ့ရတဲ့ ဓာတ်ပုံမြင်ကွင်းတွေက ပင်လယ်ထုံးအိုင် ထိပ်ရှိ ကြီးကျယ်ခမ်းနားတဲ့ ရှေးဟောင်းမြို့ရဲ့ ရုပ်ပုံတွေကို ဖော်ပြနေပြီး ကြီးမားတဲ့ ကျောက်တုံးနံရံတွေပါတဲ့ တူးမြောင်းနဲ့ ဆက်စပ်နေတဲ့ ကျွန်းအစုအဝေးကို  နန်မဒေါလို့ အမည်ပေးခဲ့တာလို့ သိရပါတယ်။ အတွေးအခေါ်ပညာရှင်ကြီး ပလေတိုက ပင်လယ်အောက် နစ်မြှုပ်နေတဲ့ လျှို့ဝှက်ကျွန်းအဖြစ် ဦးဆုံးဖော်ပြသွားတဲ့ အတ္တလန်တစ်ကျွန်းနဲ့ ဒီရှေးဟောင်းမြို့ကို နှိုင်းယှဉ်ခဲ့ကြပြီး အဲဒီလို နှိုင်းယှဉ်ကတည်းက ဒီစိတ်ကူးက လူသိများ ထင်ရှားလာခဲ့ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲအဖြစ်တောင် ပေါ်လာပြီး ဒစ္စနေရဲ့ “The little Mermaid” ရုပ်ရှင်ထဲမှာ အတ္တလန်တာကျွန်းဆိုပြီး ထည့်သွင်းရိုက်ကူးထားပါတယ်။ ဒါပေမယ့် ယနေ့အချိန်အထိ အတ္တလန်တကျွန်းဆိုတာ ဘယ်တုန်းကမှ ရှာမတွေ့သေးဘူးလို့လည်း သိရပါတယ်။ သုတေသီတွေကတော့ နန်မဒေါဆိုတဲ့ ရှေးဟောင်းမြို့က အေဒီ ပထမ သို့မဟုတ် ဒုတိယ ရာစုနှစ်လောက်က ရှိခဲ့တာလို့ ယူဆပေမယ့် ဒီရှေးဟောင်းမြို့ကို ဘယ်အချိန် အတိအကျမှာ တည်ဆောက်ခဲ့လဲဆိုတဲ့ မှတ်တမ်းမှတ်ရာ မရှိပါဘူး။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ် တောင်ပိုင်း မက်သိုးဒစ်ထ်တက္ကသိုလ်က သုတေသီအဖွဲ့ရဲ့ ခေါင်းဆောင် မာ့က်မက်ကွိုင်းက “ပစိဖိတ်ကျွန်း သမိုင်းမှာ နန်မဒေါ ရှေးဟောင်းမြို့ကတော့ ပထမဦးဆုံးအဖြစ် အခုအချိန်မှာ ကိုယ်စားပြုနေပါတယ် ကျနော့်အတွက်တော့ အဓိက နန်မဒေါမြို့ဟောင်းက မြို့တော်ဖြစ်ခဲ့မယ်လို့ ယူဆတယ်။ ဒီမြို့တော်က နိုင်ငံရေးအာဏာ အဓိက တည်ရှိရာနေရာ အရေးကြီးဆုံး ဘာသာရေး လုပ်ရိုးလုပ်စဉ်တွေ ပြုလုပ်ရာ ဌာန ပြီးတော့ ကျွန်းရဲ့ ယခင်အကြီးအကဲဟောင်းတွေကို မြှုပ်နှံရာ နေရာလည်းဖြစ်တယ်” လို့ ပြောပါတယ်။ ဒီကျွန်းက အရင် အဲဒီမှာ နေသွားတဲ့ အကြီးအကဲတွေရဲ့ သင်္ချိုင်းမြေလည်း ဖြစ်တယ်လို့ သိရပါတယ်။ သိပ္ပံပညာရှင်တွေက အတ္တလန်တကျွန်းရဲ့ တကယ့်ပျောက်ဆုံးနေတဲ့ မြို့တော်ကို နှစ်ပေါင်းများစွာ ရှိဖွေခဲ့ကြပေမယ့် ပြီးခဲ့တဲ့နှစ်က ထွက်ပေါ်လာတဲ့ အယူအဆအရ ဒီရှေးဟောင်းမြို့တော်ကို ကြီးမားတဲ့ ဆူနာမီလှိုင်းတွေက ဖယ်ရှားလိုက်ပြီလို့လည်း ယူဆနေကြကြောင်း သည်ဆန်းသတင်းမှာ နိုဝင်ဘာလ ၄ ရက်နေ့က ဖော်ပြထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up