DVB Logo
Home
မြန်မာသတင်း
ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် ပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးမည်
DVB
·
April 3, 2012
ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် ပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးမည်
Donate to DVB

နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ)နဲ့ အစိုးရတို့ မနက်ဖြန်မှာ စစ်တွေမြို့မှာ ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးတော့မယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပထမအဆင့်ဆွေးနွေးတဲ့ အခါမှာ အပစ်အခတ် ရပ်စဲရေးနဲ့ ဖွံဖြိုးရေးကိစ္စတွေ ပါဝင်မယ်လို့ ရန်ကုန်ကို ရောက်တဲ့ အေအယ်လ်ပီ ဒု-ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ပြောပါတယ်။

“ပဏာမအဆင့် ပင်လယ်ထဲမှာ ဆွေးနွေးထာက အချက် ၄ ချက် ရှိပါတယ်။ အပစ်အခတ် ရပ်ဆိုင်းတာရယ်၊ ဆက်သွယ်ရေးရုံးဖွင့်တဲ့ ကိစ္စရယ်၊ ဖွံ့ဖြိုးရေး လုပ်မယ်ကိစ္စရယ်၊ နှစ်ဖက်တပ်တွေ လက်နက်မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ရယ် အဲဒီ ၄ ချက်ပါပဲ။ နှစ်တိုင်းသာ တွေ့ဆုံဆွေးနွေးရေး သဘောတူညီချက် လုပ်တဲ့အခါမှာ အဲဒီ အချက် ၄ ချက်ကို အခြေခံပြီး ဆွေးနွေးကြတာ ရှိပါတယ်။ တွေ့ဆုံ ဆွေးနွေးတယ် ဆိုတာကတော့ နှစ်ဖက် မှန်ကန်တဲ့ စေတနာ သဘောထား ရှိဖို့ လိုပါတယ်။ နှစ်ဖက် မှန်ကန်တဲ့ စေတနာရှိရင်တော့ ငြိမ်းချမ်းရေး ရှိလာမှာပါ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်သွားမှာပါ။ တဖက်က မှန်ပြီး တဖက်က မမှန်ဘူးဆိုရင် မဖြစ်နိုင်ဘူးလေ။”

ပဏာမ အပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာ လွတ်မြောက်နယ်မြေ တရပ် သတ်မှတ်ပေးဖို့ ဆွေးနွေးဖို့ ရှိပြီး၊ ဘယ်နေရာမှာ သတ်မှတ်မလဲဆိုတာကတော့ လောလောဆယ် မပြောနိုင်သေး ဘူးလို့ ဦးခိုင်စိုးနိုင်အောင်က ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ကနေ ရန်ကုန်ကို ရောက်နေတဲ့ ပါတီ ဒု - ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ခေါင်းဆောင်တဲ့ အဖွဲ့က မနက်ဖြန်မှာ စစ်တွေကို သွားရောက်ပြီး အိန္ဒိယဘက်ကနေ စစ်တွေကို ရောက်နေတဲ့  အေအယ်လ်ပီ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

စစ်တွေကို ရောက်နေတဲ့ အိန္ဒိယဘက်အခြမ်းက အေအယ်လ်ပီ ကိုယ်စားလှယ်အဖွဲ့ကို စစ်တွေမြို့ခံတွေက ကြိုဆိုခဲ့ကြတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“အခုကလေ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အလံတွေ ကိုင်ထားတယ်။ နောက်ပြီးတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ကိုယ်စားလှယ်များအား ကြိုဆိုပါ၏ ဆိုတဲ့ ဗွီနိုင်း ၃ ခုပေါ့။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို တည်ထောင်ခဲ့တဲ့ ဥက္ကဋ္ဌခိုင်မိုးလင်းပုံ၊ နောက်ပြီးတော့ ဒု - ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်ပုံ၊ အဲဒီဗွီနိုင်းတွေ ကိုင်ပြီးတော့မှ လမ်းဘေးဝဲယာ တလျှောက်ရယ် နောက် ကားဂိတ်ကနေ စ ကြိုဆိုလာပါတယ်။ စစ်တွေ ဝေးပြေးကားဂိတ်ကနေပြီးတော့ လမ်းမကြီး -- လာပြီးတော့ နာရီစဉ်ရှိတယ် အဲဒီ နာရီစဉ်ကမှ တခါ ကျနော်တို့ စစ်တွေဟိုတယ်အထိ ကြိုဆိုတဲ့ အစီအစဉ်တွေ ရှိပါတယ်။”

အခုတခေါက်ဆွေးနွေးပွဲဟာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့  ဆွေးနွေးတဲ့ အဆင့်ဖြစ်ပြီး ပြည်ထောင်စုအဆင့်နဲ့ ဆွေးနွေးမယ့် ကိစ္စကတော့ ဒီဆွေးနွေးပွဲအပေါ်မှာ မူတည်တယ်လို့ ဦးခိုင်စိုးနိုင်အောင်က ပြောပါတယ်။

အေအယ်လ်ပီဟာ ၁၉၇၀ ပြည့်နှစ်တွေ ကတည်းက ပေါ်ပေါက်လာတဲ့ပါတီ၊ လက်နက်ကိုင် တိုက်လာတဲ့ပါတီဖြစ်ပြီး ရခိုင်လူငယ်တွေအပေါ် ဩဇာကြီးတဲ့ ပါတီဖြစ်တယ်လို့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။

“ရခိုင်လူငယ်တွေအပေါ်မှာ ဩဇာကြီးတဲ့ ပါတီတခုပါ။ သူတို့လည်း နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံပြီးတော့ ရခိုင်အမျိုးသားရေးကို ကိုယ်စွမ်းသရွေ့ လုပ်လာခဲ့တဲ့ပါတီ၊ နိုင်ငံတကာဆက်ဆံရေးတွေမှာလည်း အများကြီး အတွေ့အကြုံ ရှိတဲ့ ပါတီ၊ ရခိုင်ပြည်သူလူထုကတော့ သူတို့အပေါ်မှာ လေးစားမှုတွေ ရှိကြပါတယ်။

မြန်မာပြည်ရဲ့ ထုံးစံအတိုင်းပေါ့။ ကျနော့်အမြင်ပေါ့လေ။ လက်နက်ကိုင် တော်လှန်ရေးဆိုတာကတော့ အင်မတန် ခက်ခဲကြမ်တမ်းတယ်။ လက်တလော အောင်ပွဲကြီးကို ဝုန်းဒိုင်းရဖို့ဆိုတာလည်း မြန်မာပြည်မှာ အင်မတန်အခက်အခဲ ရှိတဲ့အတွက်ကြောင့် အခြားသင့်တော်တဲ့ နည်းလမ်းတွေကို အကုန်လုံး ရှာကြတာပေါ့။ ပြည်ထောင်စု တပ်မတော်အတွက်လည်း မကောင်းဘူး၊ ကျနော်တို့ တိုင်းရင်းသားအင်အားစုတွေ အတွက်လည်း မကောင်းဘူး၊ ပြည်သူအတွက်လည်း မကောင်းဘူးဆိုရင် အကောင်းဆုံး အဖြေတခုကို ရှာရမှာလို့ အဲဒီလိုပဲ ယူဆပါတယ်။”

အခုခရီးစဉ်ဟာ နှစ်ပေါင်းများစွာ အစိုးရကို လက်နက်ကိုင် တိုက်လာတဲ့ ရခိုင်လက်နက်ကိုင်တပ်နဲ့ အစိုးရတို့ ပထမဆုံးသော ငြိမ်းချမ်းရေးခရီးလို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013