ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရဲစခန်းမှာ အချုပ်ခန်းဖောက်ပြေးသူတွေကို ရဲက ပစ်ခတ် ဖမ်းဆီးတဲ့အတွက် အနည်းဆုံး ၂ ဦး သေဆုံးပြီး လူ ၁၀ ဦးလောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက် ၂ နာရီလောက်မှာ အမျိုးသား အချုပ်ခန်းက ရဲသားတွေနဲ့ အချုပ်သားတွေအကြား ဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ဖောက်တဲ့ သေနတ်သံတွေကို အနီးပတ်ဝန်းကျင်က ကြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အချုပ်သား အခန်းက အချုပ်သားဦးရေနဲ့ မမျှအောင် ကျပ်တယ်လို့ ကြားရတယ်။ အဲဒီအချုပ်ခန်းက ဖောက်ထွက်တာကနေ ကြိုးစားရကနေ ပစ်ကြခတ်ကြတယ်လို့ နားလည်လိုက်တယ်။ ပစ်ခတ်တဲ့နေရာမှာ မီးရှို့တာတို့၊ နံရံတွန်းပြိုတာတို့ ကျနော်တဆင့်ကြားရတယ်။ ၂ ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ ညတွင်းချင်းပဲ သွားမြှုပ်လိုက်တယ်လို့ ပြောတယ်။ ကျန်တဲ့ ၁၀ ယောက်က မနက် ၆ နာရီလောက်က ဆေးရုံတင်လိုက်ပြီး အတွင်းလူနာအဖြစ် ထားတယ်။ ပစ်လိုက်လို့ သေသွားတဲ့ အလောင်း ၂ လောင်းကတော့ မနက်စောစောပဲ သွားမြှုပ်လိုက်တယ်လို့ ကြားရတယ်။ အခုနောက်ပိုင်း ပြန်ကြားတာက အဲဒီအလောင် သွားပြန်ဖော်ပြီးတော့ အလောင်းကို စစ်ဆေးတယ်လို့ကြားတယ်။”
သေဆုံးသူဟာ ၂ ဦးထက် ပိုနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ မိုးညှင်းမြို့နယ် ရဲစခန်းနဲ့ ဆေးရုံကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းရာမှာ တာဝန်ယူဖြေဆိုဖို့ ငြင်းဆန်ကြပါတယ်။
မိုးညှင်း ရဲစခန်းမှာ အမျိုးသား အချုပ်ခန်း ၄ ခန်းနဲ့ အမျိုးသမီး အချုပ်ခန်း ၁ ခန်း ရှိတယ်လို့လည်း ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။











