နိုင်ငံအ၀န်း ဖြစ်ခဲ့သည့် အမှုကြီးများထဲ မုဒိမ်းမှုက အများဆုံးဖြစ်
DVB
·
November 4, 2017
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တနိုင်ငံလုံးမှာ ဖြစ်ခဲ့တဲ့ အမှုကြီးတွေထဲမှာ မုဒိမ်းမှု ထက်ဝက်လောက်ပါနေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ နိုဝင်ဘာ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တနိုင်ငံလုံးက လူသတ်မှု၊ ဓားပြမှု စတဲ့ အမှုကြီး ၁၀ မျိုး ၂၅၅ မှုရှိပြီး မုဒိမ်းမှု ၁၁၄ မှု ပါနေတာပါ။ မုဒိမ်းမှု အများဆုံးဖြစ်ခဲ့တဲ့ နေရာတွေက ဧရာဝတီတိုင်းမှာ ၂၆ မှု၊ ရန်ကုန်တိုင်းမှာ အမှု ၂၀၊ မကွေးတိုင်းမှာ ၁၅ မှု၊ စစ်ကိုင်းတိုင်းမှာ ၁၄ မှုနဲ့ အများဆုံး ဖြစ်ခဲ့ပါတယ်။
ဒုတိယ အများဆုံးဖြစ်တဲ့ မှုခင်းကတော့ လူသတ်မှုဖြစ်ပြီး စုစုပေါင်း ၉၂ မှု ရှိပါတယ်။ ဒီအမှုကြီး စာရင်းတွေအရတော့ ချင်းပြည်နယ်မှာ ဘာမှ မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် ၃၈ မျိုး အမှုစာရင်းမှာတော့ တနိုင်ငံလုံးမှာ ၁၂၅၈၄ မှုရှိပါတယ်။
ဒါဟာ ပြည်နယ်နဲ့ တိုင်းတွေက ပေးပို့တဲ့ စာရင်းဖြစ်ပြီး ရန်ကုန်တိုင်းမှာ ၃၅၃၄ မှု နဲ့ အများဆုံးဖြစ်ပါတယ်။ ပြီးတော့ ပဲခူးတိုင်းမှာ ၂၅၇၉ မှု၊ မန္တလေးတိုင်းမှာ ၁၃၇၅ မှုရှိပါတယ်။ ကယားပြည်နယ်မှာတော့ ၁၀ မှုနဲ့ အနည်းဆုံးဖြစ်ပါတယ်။
မူးယစ်ဆေးဝါးအမှုပေါင်း ၈၆၉ မှု ရှိခဲ့ပြီး ရှမ်းပြည်မှာ ၂၆၄ မှု၊ ကချင်ပြည်နယ်မှာ ၁၄၁ မှု၊ စစ်ကိုင်တိုင်းမှာ ၁၃၄ မှုနဲ့ အများဆုံး ရှိခဲ့တာပါ။