Home
မြန်မာသတင်း
လေယာဉ်တီထွင်သူ လူငယ်ကို ပျံသန်းမှုလေ့လာနိုင်ရန် လေကြောင်းဦးစီးဌာန ဖိတ်ခေါ်
DVB
·
November 4, 2017
မုံရွာမြို့နယ်က ကိုယ်တိုင်လုပ် လေယာဉ်တီထွင်သူ လူငယ်ကို လေယာဉ်မောင်းနှင် ပျံသန်းမှု လေ့လာဖို့အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၆ ရက်နေ့ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နဲ့ ၆မိုင်အကွာ ကျွန်းကြီးကျေးရွာက တစ်ယောက်စီးလေယာဉ်ငယ်တည်ဆောက်သူ အသက် ၁၉ နှစ်အရွယ် ကိုကျော်ဇင်ဝင်းအနေနဲ့ နိုဝင်ဘာလ ၃ ရက်နေ့က စမ်းသပ်ပျံသန်းခွင့်ပြုဖို့ သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းခံခဲ့ပေမယ့် လိုအပ်ချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေကြောင့် စမ်းသပ်ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ကိုကျော်ဇင်ဝင်းကိုတော့ ရန်ကုန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လေယာဉ်တည်ဆောက်တာ၊ လေယာဉ်မောင်းနှင်တာ စတဲ့ လေယာဉ်နဲ့ပတ်သက်တဲ့ အခြေခံအချက်အလက်တွေကို လေ့လာဖို့ ဖိတ်ခေါ်တဲ့အတွက် ရန်ကုန်ကိုသွားဖို့လည်း ပြင်ဆင်နေပါတယ်။ "အုပ်ချုပ်ရေးပိုင်းကတော့ အုပ်ချုပ်ရေးပိုင်းလေ၊ ပျံသန်းခွင့်တွေ ဘာတွေပေးလို့မရဘူး။ လေယာဉ်နဲ့ပတ်သက်လို့ လေကြောင်းကပဲ စီမံရမှာကိုး။ ရန်ကုန်သွားပြီး လေကြောင်း တာဝန်ရှိသူတွေနဲ့တွေ့ရမယ်။ ပြီးမှ အခြေအနေတွေသိရမယ်။ လက်ရှိအနေအထားကတော့ ဘာမှဆက်လုပ်ဖို့မရှိသေးဘူး။ အခုထိတော့ မြို့နယ်၊ ခရိုင်ကတစ်ယောက်မှ လာကြည့်တာ မရှိသေးဘူး။ ဝန်ကြီး ဦးသန့်ဇင်မောင်ကတော့ ပညာရှင်တွေ ဘာတွေ လွှတ်ပေးမယ်လို့တော့ ပြောထားတာရှိတယ်" လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကပြောပါတယ်။ လေယာဉ်ငယ်ကို ရွာနီးချုပ်စပ်အပြင် မုံရွာ၊ ချောင်းဦး၊ မိတ္ထီလာ၊ စစ်ကိုင်း၊ ဆားလင်းကြီး၊ ယင်းမာပင် စတဲ့ ဒေသတွေက စိတ်ဝင်စားသူတွေ တစ်ရက်ကို အယောက် ၃၀၀ လောက်လာကြည့်တာတွေလည်းရှိပါတယ်။ "လေယာဉ်စမ်းသပ်ခွင့်မရလို့ ဘယ်လိုမှမနေပါဘူး။ နိုင်ငံတော်က ကိုယ့်အတွက်ပြောတယ်လို့ပဲ ထင်ပါတယ်။ လောလောဆယ်တော့ ရန်ကုန်သွားရမယ်။ ရန်ကုန်ကပြန်မှ အဖြေကသိမှာလေ။ အဲဒီကျမှ ဘာလုပ် ဘာလုပ်ရမယ်ဆိုတာ အဖြေကပေါ်လာမှာ။ ပျံခွင့်မရဘူးတော့မဟုတ်ဘူး။ ပျံခွင့်ရမှာပါ။ လုံးလုံးကြီးပိတ်တာတော့ မဟုတ်ပါဘူး။ တစ်နေ့နေ့ ပျံသန်းခွင့်ရရမယ်လို့တော့ ယုံကြည်ထားပါတယ်"လို့ လေယာဉ်တည်ဆောက်ထားတဲ့ ကိုကျော်ဇင်ဝင်းကပြောပါတယ်။ လေယာဉ်ငယ်ကို စိတ်ပါဝင်စားလို့ လာရောက်လေ့လာသူတွေအပြင် မုံရွာတက္ကသိုလ် ရူပဗေဒဌာနက ကထိက ဒေါက်တာဝင်းခိုင်နဲ့အဖွဲ့ကလည်း အောက်တိုဘာ ၃ ရက်နေ့က လာရောက်ပြီး အားပေးကြည့်ရှုကာ အကြံဉာဏ်တွေပေးခဲ့ပါသေးတယ်။ "ကြိုးစားတာ ကြိုးစားတာပေါ့လေ။ ဒီခေတ်ထဲမှာတော့ လုံခြုံရေးကိုတော့ အဓိကလုပ်ဖို့လိုတာပေါ့။ ဘာလို့လဲဆိုတော့ အသက်တစ်ချောင်းက ရခဲတယ်လေ။ အခုခေတ်က သိပ္ပံနည်းပညာတွေလည်း အရမ်းတိုးတက်လာပြီ။ ခေတ်မီနည်းပညာ ပစ္စည်းကိရိယာတွေ အသုံးချလာနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ရှိတာနဲ့လုပ်ကြရတာမှန်ပေမယ့် ဒီတိုင်းဆက်ကြိုးစားရင် ကူညီသူတွေလည်း ရှိလာမှာပါ။ အောင်မြင်မှာပါ" လို့ ဒေါက်တာဝင်းခိုင်ကလည်း ပြောပါတယ်။ လက်ရှိမှာတော့ လေယာဉ်ကို အုပ်ချုပ်ရေးမှူး အိမ်ရှေ့မှာပဲ စင်ပေါ်တင်ကာ ပြသထားပါတယ်။ ဒီလေယာဉ်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားပေးမှုတွေလည်း များစွာကြုံတွေ့လာနေရပေမယ့် စိတ်ထဲမှာ ဘယ်လိုမှမခံစားရဘူးလို့ ကိုကျော်ဇင်ဝင်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024