မူရင်းဓာတ်ပုံအား မဖွယ်မရာပုံပြုလုပ်၍ ဖေ့စ်ဘွတ်ခ်တင်သူအား ၆၆-ဃ ဖြင့် အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် မကျီးတောရွာမှာ အမျိုးသမီးတဦးရဲ့ မူရင်းဓာတ်ပုံအား မဖွယ်မရာပုံဖြစ်အောင် ဖိုတိုရှော့ပြုလုပ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့သူကို   နိုဝင်ဘာ ၃ ရက်ညနေက ၆၆-ဃ နဲ့ အမှုဖွင့်ထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်း က ပြောပါတယ်။ ဖြစ်စဉ်မှာ မကျီးတောရွာနေ မခိုင်ခင်ဦးရဲ့ SD ကတ်ထဲက ဗွီဒီယိုဇာတ်ကားတွေ ကူးချင်တယ်ဆိုပြီး SD ကတ်ကို တရွာတည်းနေ သန်းဝင်းက ငှားသွားခဲ့ပြီး SD ကတ်ထဲမှာရှိတဲ့ မခိုင်ခင်ဦးရဲ့ ညီမဖြစ်သူ မညိုဝိုင်းရဲ့ မူရင်းဓာတ်ပုံ ဦးခေါင်းပိုင်းနဲ့ မဖွယ်မရာပုံရဲ့ခန္ဓာကိုယ် ဆက်စပ်ပြီး Po Ther ဆိုတဲ့အကောင့်နဲ့ ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့လို့ အကောင့်ပိုင်ရှင် သန်းဝင်းကို ၆၆-ဃ နဲ့ အမှုဖွင့်တာလို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်အောင်ကိုဝင်း က “ဒီအဖြစ်အပျက်က သင်ခန်းစာယူစရာပေါ့။ အရင်လကတည်းက ဖြစ်နေတာ။ ရွာလူကြီးဆီမှာ လူမှုရေးအရ ညှိနှိုင်းနေတာ ရက်ကြာသွားတယ်။ သူတို့အချင်ချင်းက ဆွေမျိုးတော်ကြတယ်။ မပြေလည်တာနဲ့ ဒီနေ့ပဲ ၆၆-ဃနဲ့ အမှုလာဖွင့်တယ်” လို့ ပြောပါတယ်။ မကျီးတောရွာခံတဦးက “မိန်းကလေးတွေ သတိထားသင့်တဲ့ အဖြစ်အပျက်ပေါ့။ မူရင်းဓာတ်ပုံကို ဖိုတိုရှော့လုပ်တယ်။ တခြားခန္ဓာနဲ့ ရွာကမိန်းကလေးခေါင်း ဆက်စပ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်တယ်။ မလုပ်သင့် မဖြစ်သင့်တာပေါ့။ သူတို့ချင်းက ဆွေမျိုးတော်နေသေးတယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက သန်းဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့်ထား တယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

More News
Up