မြန်မာ့စီးပွားရေးအရွေ့အပြောင်း – ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် မေးမြန်းချက်

မြန်မာပြည်ရဲ့ စီးပွားရေးအရွေ့အပြောင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ပုဂ္ဂလိကပိုင်ပြုမှု၊ ငွေရေးကြေးရေး၊ ဘဏ်၊လေကြောင်းလိုင်း၊ ကုန်သွယ်ရေး၊ အစိုးရသစ်ရဲ့စီးပွားရေးမူဝါဒ၊ အာဆီယံ စီးပွားရေး အသိုက်အ၀န်း(အေအီးစီ)ရဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေအကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကို ဒီဗွီဘီရဲ့ ဒု-အယ်ဒီတာချုပ် ဦးခင်မောင်ဝင်းက   တွေ့ဆုံမေးမြန်း ဆွေးနွေးထားပါတယ်။ မေးမြန်းဆွေးနွေးချက်အပြည့်အစုံ ------- မေး-ဦးခင်မောင်ဝင်း - ၂၀၀၇ မှာတပ်မတော်အစိုးရပဲ ရှိသေးတာပေါ့နော်။ အဲဒီအချိန်တုန်းက တပ်မတော်အစိုးရလက်ထက်မှာ Market Oriented စီးပွားရေးကို သွားနေပြီ။ အရင်တုန်းကတော့ ဆိုရှယ်လစ်စီးပွားရေးပေါ့လေ။ ပြောင်းနေတယ်ဆိုပေမယ့် တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံတကာက ပိတ်ဆို့တာတွေ၊ ကန့်သတ်တာတွေ ရှိတဲ့အတွက် ထင်သလောက် ခရီးမပေါက်ခဲ့ဘူးပေါ့လေ။ တကယ့်တကယ် ပြောင်းသွားတာကတော့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြောင်းသွားတယ်လို့ ယူဆတယ်ပေါ့။ အဲဒီကာလနှစ်ခုစလုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတယောက်အနေနဲ့ အဲဒီကာလမှာ တိုင်းပြည်စီးပွားရေး အပြောင်းအလဲ အရွေ့ကို ဘယ်လိုသုံးသပ်ပြလို့ရမလဲ။ ဖြေ- ဦးအောင်နိုင်ဦး - “ပထမ ပြောချင်တာက တပ်မတော်အစိုးရ ကာလပေါ့။ တပ်မတော်အစိုးရကာလမှာ တကယ်တော့ အစိုးရမှာလည်း ဘေးကျပ်နံကျပ်ပါပဲ။ တိုင်းပြည်က ဆန်ရှင် (Sanction) မျိုးစုံနဲ့ ဖြစ်နေတယ်။ Export Promote ဘယ်လိုပဲလုပ်လုပ် ကိုယ့် Market က ကျယ်ကျယ်ပြန့်ပြန့် မရှိဘူး။ ရင်းနှီးမြှုပ်နှံမှုကို ဘယ်လောက်ပဲ ဖိတ်ခေါ်ခဲ့ပေမယ့်လည်း ဘယ်သူမှ ဟုတ်တိပတ်တိ လာမလုပ်ကြဘူးဆိုတော့ ဘေးကျပ်နံကျပ် မျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီတော့ ဘာဖြစ်ခဲ့လဲဆိုတော့ ဘေးကျပ်နံကျပ်တွေကို ဖောက်ထွက်ဖို့ မျိုးစုံကြိုးစားရင်းနဲ့ တပ်မတော်အစိုးရ ကာလမှာ ဘာသွားဖြစ်လဲဆိုတော့ စီးပွားရေးလုပ်ငန်းတွေမှာ ဝန်ထုပ်ဝန်ပိုးတွေ သွားပြီးကျလာတယ်။ ဒါကတော့ Regulation တွေပေါ့။ တပ်မတော်အစိုးရက ကိုယ့်ရဲ့ အကျပ်အတည်းကို လွန်မြောက်သွားအောင် လိုအပ်တဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီးတော့ ကျားကန်ပြီး ကြိုးစားတယ်ပေါ့။ ကျားကန်ကြိုးစားရင်းနဲ့ အမိန့် ညွှန်ကြားချက်တွေက တခါ ဝန်ထုပ်ဝန်ပိုးသဖွယ် စီးပွားရေးလုပ်ငန်းတွေမှာ လာဖြစ်တယ်ပေါ့။ ခြုံပြောရရင်တော့ ဈေးကွက်စီးပွားရေးကို တပ်မတော်အစိုးရလက်ထက်မှာ ကျင့်သုံးခဲ့တယ်ဆိုပေမယ့်လည်း ထင်သလောက် ခရီးမပေါက်ခဲ့ဘူးပေါ့။” ဦးခင်မောင်ဝင်း - တကယ့်တကယ် ပြောင်းလဲသွားတာကတော့ သမ္မတဦးသိန်းစိန် လက်ထက်လို့ ပြောလို့ရတာပေါ့။ ဦးအောင်နိုင်ဦး - “မှန်ပါတယ်။ သမ္မတကြီးဦးသိန်းစိန် လက်ထက် ရောက်တဲ့အခါကျတော့ ဘာဖြစ်လာလဲဆိုတော့ တိုင်းပြည်ကလည်း နိုင်ငံတကာ အသိုက်အဝန်းရဲ့ ထောက်ခံမှုတွေ ပြန်ပြီးရလာတယ်။ အစိုးရကလည်း တကယ်ပြောင်းလဲလိုစိတ်ရှိတဲ့ အစိုးရဆိုတာ လုပ်ရင်းကိုင်ရင်းနဲ့ သိလာတယ်ပေါ့နော်။ တပ်မတော်အစိုးရ လက်ထက်လည်း လုပ်တယ်။ တတ်နိုင်သရွေ့ ပြောင်းဖို့ ကြိုးစားတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ပြောင်းဖို့ လုပ်တယ်။ သို့သော်လည်းပဲ ဦးသိန်းစိန်အစိုးရ လက်ထက် ရောက်တဲ့အခါမှာ ဘာဖြစ်သွားလဲဆိုတော့ ပြောင်းဖို့ကြိုးစားတယ်ဆိုတာ ကျနော်တို့က နားအကြားတင် မဟုတ်တော့ဘူးပေါ့နော်။ အမြင်ရှိလာတယ်။ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာရတယ်။ နောက် ဒီအစိုးရတဖွဲ့လုံးရဲ့ စိတ်ဆန္ဒပြင်းပြမှုတွေ ကျနော်တို့ တွေ့ရတယ်။ လုပ်တော့ Reform လို့ ပြောရရင် တပ်မတော်အစိုးရ လက်ထက်ကတော့ မရှိခဲ့သလောက် ဖြစ်ခဲ့တယ်။ ဦးသိန်းစိန် လက်ထက်မှာတော့ တိုင်းပြည် နည်းနည်းလေး ပွင့်သွားတဲ့အချိန်၊ နိုင်ငံတကာ အသိုက်အဝန်းထဲ ပြန်ရောက်သွားတဲ့အချိန်မှာ နိုင်ငံတကာ အထောက်အပံ့လေးတွေရတော့ လုပ်ရတာ ပိုပြီးကောင်းလာတယ်။” ဦးခင်မောင်ဝင်း - သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲတာဆိုတဲ့ အရေးကြီးတဲ့ အချက် သုံးလေးချက်လောက် ရှင်းပြလို့ရမလား။ ဘာတွေက ဘယ်လိုကဏ္ဍတွေမှာ ဘယ်လို ပြောင်းသွားပြီးတော့ ဘယ်လို သိသိသာကြီး ပြောင်းလဲသွားလဲဆိုတာ။ ဦးအောင်နိုင်ဦး - “ပထမဆုံး နံပါတ်တစ်ပေါ့ တိုင်းပြည်စီးပွားရေးကို တကယ့်ကို အမော့ဘက်ကို ဆွဲပါအောင်လုပ်နိုင်တဲ့  ပထမဆုံး လုပ်တဲ့ဟာက ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုမှာ မြေဆိုင်ရာအမိန့်နဲ့ ငွေဆိုင်ရာအမိန့်ဆိုတဲ့ အမိန့်ကြော်ငြာစာ နှစ်ခု ထုတ်တယ်။ အစိုးရကနေပြီးတော့။ အမိန့်ကြော်ငြာ ၃၉ က မြေဆိုင်ရာအမိန့်ထုတ်တယ်။ ၄၀ က ငွေဆိုင်ရာအမိန့်ပေါ့။ ဘာလဲဆိုတော့ အဲဒီခေတ်က ၁၉၈၈၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ရှိနေတယ်။ ရှိသော်ငြားလည်း ဥပဒေကြီးက ခေတ်နောက်ကျသွားပြီ။ အဲဒီခေတ်က အဲဒီဥပဒေမှာ ဘာဆိုထားလဲဆိုတော့ မြန်မာနိုင်ငံကို လာလုပ်တဲ့ နိုင်ငံခြားသားတယောက်က သူသွင်းလာတဲ့ ဒေါ်လာတွေအားလုံးကို တရားဝင် ငွေလဲနှုန်းနဲ့ပဲ လဲမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကြီးရှိတယ်။ အဲဒီတော့ ဘယ်သူမှလာပြီး အမိုက်ခံပြီး လာမလုပ်ကြဘူး။ ဒါကိုသိတော့ ဦးသိန်းစိန်လက်ထက်မှာ ဒီအမိန့်ကို ကျော်လွှားပြီးတော့ ဒီဥပဒေကို ကျော်လွှားနိုင်အောင် အစိုးရအဖွဲ့ကနေ အမိန့်ကြော်ငြာစာ ထုတ်တယ်။ မြန်မာနိုင်ငံကို လာလုပ်တဲ့ နိုင်ငံသားတွေဟာ သူယူလာတဲ့ နိုင်ငံခြားငွေတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း လဲခွင့်ပြုမယ်ပေါ့။” ဦးခင်မောင်ဝင်း - ဟိုတုန်းက တရားဝင်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းကို အခု ဈေးကွက်အတိုင်းပဲပေါ့။ ဦးအောင်နိုင်ဦး - “ဈေးကွက်အတိုင်းပဲ။ အဲဒီအချိန်မှာ ဗဟိုဘဏ်တို့က ငွေလဲနှုန်းကို Manage လုပ်ပြီး မသွားသေးဘူး။ မသွားပေမယ့် ဒီအစိုးရက စပြီးသယ်လာတဲ့ငွေကို ဈေးကွက်နှုန်းအတိုင်း လဲခွင့်ပြုမယ်ဆိုတာ အစိုးရက အာမခံပေးလိုက်တယ်။ ဒါ ပွင့်သွားတဲ့ တချက်ပေါ့။ ဒုတိယအချက်က မြေပေါ့။ အဲဒီခေတ်က နိုင်ငံခြားသားတယောက်က မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ချင်ရင် မြေကို ပုဂ္ဂလိကမြေ ငှားခွင့်မရှိဘူး။ အစိုးရမြေပဲ ငှားခွင့်ရှိတယ်။ အစိုးရမြေမငှားရင် ဘာမှလုပ်လို့မရဘူး။ အဲဒီတော့ စက်မှုဇုန်တွေမှာ ရှိသော်ငြားလည်း ငှားလို့မရဘူး။ ဦးသိန်းစိန်လက်ထက်မှာ ၄၀ ဆိုတာထုတ်တယ်။ အမိန့်ကြော်ငြာစာ ၄၀ က မြေကို နိုင်ငံခြားသားတွေ ငှားခွင့်ပြုတဲ့ အမိန့်ပေါ့။ အဲဒီနှစ်ခု ပေါ်တဲ့အချိန်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ စပြီးတိုင်းပြည်ထဲကိုဝင်လာတယ်။ အဲဒီမှာ သိသာထင်ရှားတဲ့ ဒုတိယ ပြုပြင်ပြောင်းလဲမှုတခုက ၂၀၁၂ ခုနှစ်မှာ ၁၉၈၈ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကြီးကို ပိုပြီးကောင်းအောင် ပြင်လိုက်တယ်ပေါ့။ ဒါက တော်တော်လေးကို ကောင်းတယ်ပေါ့။ ဒီဟာ ပြင်လိုက်တဲ့အခါမှာ ဒါရဲ့ရလဒ်က ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅၊ အခုအချိန်အထိပါ။ ဆက်တိုက် ဆက်တိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တနှစ်ထက်တနှစ် သိသိသာသာ တိုးလာတယ်။” ဦးခင်မောင်ဝင်း - ကျနော်တို့နိုင်ငံက လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေက နိုင်ငံတကာ စံချိန်စံညွှန်း မီတယ်လို့ ပြောလို့ရလား။ ဦးအောင်နိုင်ဦး - “နှစ်ပိုင်းရှိတယ်။ ၂၀၁၂ ဥပဒေက တကယ်တမ်းကျတော့ မမီဘူး။ ၂၀၁၂ ဥပဒေက Hybrid ပေါ့။ နိုင်ငံတကာက လိုလားတဲ့ ကိစ္စမျိုးလေးတွေ နည်းနည်းပါးပါး ပါတယ်။ ပြည်တွင်းမှာဖြစ်နေတဲ့ ပကတိအခြေအနေတွေလည်း ပါတယ်။ သို့သော် ၂၀၁၆ မှာ ပေါ်လာတဲ့ ဥပဒေက ဘာလုပ်လိုက်လဲဆိုတော့ အရင်တုန်းက ရှိနေတဲ့ Foreign Investment Law နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေရော နောက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ နှစ်ခုပေါင်းလိုက်တယ်။ နိုင်ငံသားလုပ်လည်း ဒီဥပဒေပဲ၊ နိုင်ငံခြားသားလုပ်လည်း ဒီဥပဒေပဲ လုပ်လိုက်တဲ့အခါကျတော့ ဥပဒေကျတော့ တော်တော်လေး ကောင်းသွားတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေလည်း ပါလာတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို လွယ်ကူရှင်းလင်းအောင်လုပ်တဲ့ ပြဋ္ဌာန်းချက်တွေလည်း ပါလာတယ်။ အခု ၂၀၁၆ ကတော့ ၂၀၁၂ ထက်တော့ အများကြီး ပိုကောင်းသွားတာပေါ့။” ဦးခင်မောင်ဝင်း - “တချို့က ဝေဖန်ထောက်ပြကြတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က လုပ်လာတယ်။ အခုဆိုရင် ဒီမိုကရေစီ လူထုခေါင်းဆောင် အစိုးရလည်း ဖြစ်နေပြီဆိုတော့ နိုင်ငံတကာကတော့ အားရကြတယ်။ အားပေးကြတယ်။ သို့သော်ငြားလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ထင်သလောက် မဝင်သေးဘူးလို့ ပြောနေတာ ရှိပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဘယ်လိုမြင်လဲ။ ဦးအောင်နိုင်ဦး - “မနှစ်က အနေအထားပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ဘဏ္ဍာရေးနှစ်နဲ့ ပြောရရင် ၂၀၁၆-၂၀၁၇ ပြီးခဲ့တဲ့ ဒီအစိုးရရဲ့ ပထမဆုံး ဘဏ္ဍာနှစ်ပေါ့။ ဦးသိန်းစိန်အစိုးရက ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်က နောက်ဆုံးနှစ်ပေါ့။ အဲဒီနှစ်မှာ MIC က ဘယ်လောက် အတည်ပြုပေးလဲဆိုတော့ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ အတည်ပြုပေးလိုက်တယ်။ မနှစ်ကတော့ ၆ ဘီလီယံကျော်ကျော်ပဲ အတည်ပြုနိုင်တယ်ပေါ့။ ဒါ လက်ရှိ အစိုးရသစ်ရဲ့ ပထမနှစ်ပေါ့။ ကြည့်လိုက်ရင် ၃ ဘီလီယံပေါ့။ အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ လောက် လျော့သွားတယ်ပေါ့။ အဲဒီတော့ ဒီကိန်းဂဏန်းကို ကြည့်လိုက်မယ်ဆိုရင် မှန်ပါတယ်။ မနှစ်က ရင်းနှီးမြှုပ်နှံမှု ကျသွားတယ်ပေါ့နော်။ ကျသော်ငြားလည်းပဲ ကျသွားတဲ့ အကြောင်းလေးတွေလည်း နည်းနည်းတော့ ရှိတာပေါ့။ ပထမဆုံး ဖြစ်တဲ့ဟာကတော့ ပြီးခဲ့တဲ့နှစ်က တကမ္ဘာလုံး ရင်းနှီးမြှုပ်နှံမှု ကျတယ်ပေါ့။ ဒါကတော့ နိုင်ငံတကာရဲ့ အစီရင်ခံစာတွေ အရလည်း တကမ္ဘာလုံးရဲ့ ရင်းနှီးမြှုပ်နှံမှုက ၁၂ ရာခိုင်နှုန်းလောက် ကျတယ်။ အာဆီယံမှာလည်း အနည်းငယ်ကျတယ်။ ဒါက ကမ္ဘာလုံးနဲ့ ဒေသတွင်းဖြစ်တဲ့ အနေအထားပေါ့။ သို့သော် ပြည်တွင်းမှာ ဘာဖြစ်ခဲ့လဲဆိုတော့ နိုင်ငံခြားသားအများစုက အစိုးရသစ်ရဲ့ ပေါ်လစီကို စောင့်ကြည့်ချင်တဲ့ ဆန္ဒရှိတယ်။ ဒီအစိုးရက ဘယ်လိုသွားမှာလဲဆိုတဲ့ ဒီမေးခွန်းလေးတွေက သူတို့ အတော်များများ ခေါင်းထဲမှာရှိတယ်။  ဒါကလည်း အချက်တချက်ပါတယ်ပေါ့။ အစိုးရကို စောင့်ကြည့်ပြီးမှ ဝင်မယ်ဆိုတာလည်း ပါတယ်။ နောက်တချက်က ဘာလဲဆိုတော့ အခု ကျနော်ပြောခဲ့တဲ့ ၂၀၁၆ ခုနှစ် ရင်းနှီးမြှုပ်နှံမှုဥပဒေကလည်း မပြဋ္ဌာန်းသေးဘူး။ ဒီဥပဒေကို ကြည့်လိုက်တဲ့အခါမှာ လက်ရှိဥပဒေ ၂၀၁၂ ဥပဒေထက် ပိုကောင်းတဲ့ အချက်လေးတွေ၊ အထူးအားဖြင့် အကာအကွယ်ပေးတဲ့ အချက်လေးတွေက ပိုကောင်းတော့ ဒီဟာကို တချို့က စောင့်ကြတာလည်း ပါတယ်ပေါ့။ ဒီအချက်လေးတွေကြောင့်မို့ မနှစ်ကတော့ တမြန်မနှစ်ကထက်စာရင် လေျာ့သွားတယ်ပေါ့။ အဲဒီလိုလေးတွေ ဖြစ်သွားတယ်။” ဦးခင်မောင်ဝင်း - “ဦးအောင်နိုင်ဦးက ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ဒီနေရာ ဒီရာထူးပဲ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာလည်း ဒီနေရာ ဒီရာထူးပဲ။ လူတွေက ထောက်ပြကြတာပေါ့နော်။ သမ္မတ ဦးသိန်းစိန် အစိုးရလောက် အခု ဒီအစိုးရလက်ထက်မှာ စီးပွားရေးက မကောင်းဘူး။ စီးပွားရေးက ကျလာတယ်လို့ ပြောတယ်။ အဲဒါကို ဦးအောင်နိုင်ဦး ဘယ်လို ရှင်းပြလို့ရမလဲ။” ဦးအောင်နိုင်ဦး - “စီးပွားရေးကျခဲ့တယ်ဆိုတာ သမ္မတကြီး ဦးထင်ကျော်ရော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရော ပွင့်ပွင့်လင်းလင်း ဝန်ခံထားပြီးသား ဖြစ်ပါတယ်။ ကျနော်ရဲ့နယ်ဘက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရ အရာရှိတယောက်အနေနဲ့ ကျနော် ဖြတ်သန်းခဲ့တဲ့နှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်တော့ ပထမနှစ်မှာ အစိုးရသစ် စတက်လာတဲ့ ပထမနှစ်ကာလမှာ ဘယ်လို ဥပမာပေးရမလဲဆိုတော့ ဘောလုံးအသင်း အသစ်ဖွဲ့လိုက်သလို Player မျိုးစုံကို ဒေသအသီးသီးကနေ ခေါ်လာပြီး စကစားခိုင်းတဲ့အခါမှာ အဓိက Team work မရသေးတာလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ Team work မရသေးလို့ ကျနော်တို့က Harmonize မဖြစ်ဘူး။ စီးပွားရေးနဲ့ပတ်သက်လို့ လုပ်ကိုင်တာဝန်ယူရတဲ့ ဌာနတွေမှာ တဖက်နဲ့တဖက် ချိန်ဆ လွဲနေတာလေးတွေ၊ အယူအဆ လွဲနေတာလေးတွေ၊ အပေးအယူ မမိတာလေးတွေပေါ့။ ဒါမျိုးလေးတွေရှိတော့ ဒီ Impact ကြောင့် ဒါ ဖြစ်တယ်လို့ ပထမအချက်ပေါ့။ ကိုယ့်ရဲ့ ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ အနေအထားကို နယ်ဘက်အရာရှိတယောက်အနေနဲ့ မြင်တဲ့အမြင်ပေါ့။ သို့သော် ကျနော် ခုနက ပြောခဲ့သလို Global Economy ကလည်း Impact ရှိပါတယ်။ မနှစ်ကတော့ တကမ္ဘာလုံး စီးပွားရေးကျခဲ့တဲ့ အနေအထားရှိနေတာ ဒီ Impact တွေကလည်း ပါပါတယ်။” ဦးခင်မောင်ဝင်း - အခု ကျနော်တို့ မြန်မာငွေလဲနှုန်းကလေ မြန်မာငွေတန်ဖိုးက သိသိသာသာ ကျလာတယ်။ ပြောရရင် ဦးသိန်းစိန် အစိုးရ လက်ထက်နဲ့ ပြန်နှိုင်းယှဉ်ကြရအောင်။ ၃၀ ရာခိုင်နှုန်းကျော်ကျော်တောင်မှ တန်ဖိုးကျတယ် ပြောကြတယ်။ မြန်မာငွေတန်ဖိုး ကျတာက မြန်မာနိုင်ငံ စီးပွားရေးကို ဘယ်လိုထိလဲ။ ဦးအောင်နိုင်ဦး - “တကယ်တော့ ဒေါ်လာတန်ဖိုး တက်လာတာ မြန်မာငွေတန်ဖိုး ကျတာတော့ ထိပါတယ်။ အကောင်းမြင်တဲ့သူတွေကတော့ ပြောတာပေါ့။ ပို့ကုန်မှာတော့ ကောင်းသွားတယ်လို့ မြင်ကြတယ်။ ဒါပေမယ့် ကျနော်တို့ အရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်လာတန်ဖိုးတက်ပြီး မြန်မာငွေတန်ဖိုး ကျတာကတော့ မြန်မာစီးပွားရေးမှာတော့ Impact ဖြစ်တယ်။ ဒါကို ဘယ်လိုမှ ဖုံးကွယ်လို့မရဘူး။ သွင်းကုန်များတာလည်း ပါပါတယ်။ ဒေါ်လာဈေး ကျတဲ့အပိုင်းကတော့ မျိုးစုံရှိတာပေါ့နော်။ အစိုးရရဲ့ Budget Deficit ဘတ်ဂျက်လိုငွေပြနေတဲ့ ကိစ္စမျိုးတွေ ပါတယ်။ နောက်တချက်က ကမ္ဘာမှာလည်း ဒေါ်လာဈေးက တက်သွားတာလည်း ပါတယ်။ ဒီ Impact လည်း ပါတာ ရှိပါတယ်။ နောက်တချက်က တချို့ကလည်း ဝေဖန်တာက သွင်းကုန် တွေ တအားများလို့ ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်လည်း တချို့ ရှိကြပါတယ်။ သို့သော်လည်းပဲ ကျနော်က တကယ်တမ်း ပြောရရင်တော့ ကျနော်တို့တိုင်းပြည်ရဲ့ ကုန်သွယ်မှုကို ပြန်ကြည့်လိုက်ရင် ပို့ကုန် ကိန်းဂဏန်း အချက်အလက်တွေနဲ့ သွင်းကုန် ကိန်းဂဏန်း အချက်အလက်တွေနဲ့ကို ကြည့်လိုက်ရင် သွင်းကုန်တွေက များပြီး ပို့ကုန်တွေက နည်းတယ်ဆိုတာမျိုး တွေ့ရပါတယ်။ သို့သော် တကယ်တမ်း လက်တွေ့ကျတဲ့အမြင်ကတော့ သွင်းကုန် တော်တော်များများက တိုင်းပြည်က ငွေထွက်သွားတဲ့ သွင်းကုန်တွေ မဟုတ်ဘူး။ ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းတွေ သွင်းလာလို့ တချို့က သွင်းကုန်တွေ များတယ်လို့ ပြောတာရှိတယ်။ ရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေဆိုတာ ကိုယ့်တိုင်းပြည်က ငွေတွေကို ထုတ်ပြီး ဝယ်ပြီးသွင်းလာတာ မဟုတ်ဘူး။ အစကတည်းကိုက ဟိုတိုင်းပြည်ကနေ ပစ္စည်းတွေ သွင်းလာကြတာ။ ဆိုလိုတာက Balance of payments ပေါ့၊ နိုင်ငံရဲ့ ငွေပေးငွေယူ ရှင်းတမ်းမှာ သက်ရောက်မှု မရှိပါဘူး။ အဓိကဖြစ်သွားတဲ့ အကြောင်းအရင်းကတော့ နံပါတ်တစ်သည် အမေရိကန် ငွေကြေးမာလာတဲ့ အချက်သည် တချက်ပါတယ်။ နံပါတ်နှစ်က သွင်းကုန် ကိစ္စလည်း အနည်းငယ်ပါတယ်။ ဒါ ကြီးမားတဲ့ သက်ရောက်မှုတော့ မဟုတ်ဘူး။ နံပါတ်သုံးကတော့ Export ပေါ့။ Export ဘက်မှာ အားကောင်းကောင်းနဲ့ မထွက်နိုင်တဲ့ ကိစ္စမျိုးတွေ ပါတယ်လို့ ကျနော့်အနေနဲ့ မြင်တယ်ပေါ့နော်။” ဦးခင်မောင်ဝင်း - အဲဒီ Export ကိစ္စကို ကျနော် ဒီအစီအစဉ်မှာပဲ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးသမားတချို့ကို အင်တာဗျူး ဆွေးနွေးတဲ့အခါမှာ အားလုံးတော့ မဟုတ်ပါဘူး တချို့လူတွေက ဘုံတူညီပြောတဲ့ အချက်တချက် တွေ့ရတယ်။ အဲဒါက ကျနော်တို့နိုင်ငံကနေပြီး နိုင်ငံခြားကို ပို့တဲ့အချိန်မှာ နယ်စပ်ဖြတ်ပြီး သွားရတယ်။ အိန္ဒိယရယ်၊ တရုတ်ရယ်၊ ထိုင်းရယ်ပေါ့လေ။ အဲဒီမှာ တချို့ဟာတွေက နိုင်ငံခြားတင်ပို့တဲ့ကုန် အစိုးရပေါ်လစီက သူတို့အားပေးတဲ့နေရာမှာ မရှိတဲ့အတွက် မှောင်ခိုလမ်းကနေ လုပ်နေရတယ် ဆိုတာမျိုး ပြောနေကြတယ်။ မှောင်ခိုဖြစ်တဲ့အတွက် အစိုးရလည်း ရသင့်ရထိုက်တဲ့ အခွန်အခ မရဘူး။ ကိုယ့်ဘက်ကလည်း အနိမ့်ဈေးနဲ့ ခံလိုက်ရတယ်။ နှစ်ခါနာတယ်ပေါ့နော်။ အဲဒါမျိုး ထောက်ပြတဲ့သူတွေ ရှိတယ်။ အဲဒါ ဘယ်လိုများ ရှင်းပြလို့ရမလဲ။ ဦးအောင်နိုင်ဦး - “အတိုင်းအတာတခုအထိ ဟုတ်တယ်။ မှောင်ခိုဆိုတာမှာ နှစ်ပိုင်းရှိတယ်။ ကိုယ့်အစိုးရက ခွင့်မပြုလို့ တဖက်နိုင်ငံကို မှောင်ခိုပို့ရတာ။ ဒါ တပိုင်းရှိတယ်။ ဒုတိယပိုင်းက ကိုယ့်အစိုးရက ခွင့်ပြုတယ်၊ တဖက်နိုင်ငံအစိုးရက ခွင့်မပြုလို့ မှောင်ခိုပို့ရတာ။ မှောင်ခိုက နှစ်ပိုင်းရှိတယ်ပေါ့နော်။ အဲဒီတော့ ပထမတချက်ပေါ့။ ကိုယ့်အစိုးရက ခွင့်မပြုလို့ မပို့ရဘူးဆိုတာက ကိုယ့်အစိုးရက မူဝါဒပိုင်းဆိုင်ရာ  ပြန်ပြီးသုံးသပ်ရမယ့် အချိန်ပေါ့။ ဥပမာတခုပေးရရင် ကျနော်တို့ ပြီးခဲ့တဲ့ နှစ်လက မူဝါဒ ပြင်လိုက်တာ ရှိတယ်။ ဘာလဲဆိုတော့ ကျွဲ၊ နွား အရှင်တွေကို နိုင်ငံခြားပို့ခွင့် ပိတ်ထားတယ်။ ပြည်တွင်းမှာရှိတဲ့ လယ်ယာလုပ်ငန်းကို ထိခိုက်မှာစိုးလို့ဆိုပြီး။ သို့သော် ဘယ်လောက်ပဲပိတ်ပိတ် ယိုးဒယားဘက်က Import Data ကို ပြန်ကြည့်လိုက်ရင် သူတို့ရဲ့ Top Ten ကုန်စည်တွေထဲမှာ မြန်မာပြည်က ဘာတွေသွင်းလဲဆိုတဲ့ အဓိကကုန်တွေထဲမှာ ကျွဲ၊ နွား အရှင်တွေက ထိပ်ဆုံးက သွားပြီးပါနေတယ်။ အဲဒီတော့ ဒါက ကျနော်တို့ရဲ့ ပေါ်လစီ ပြန်စဉ်းစားရမယ့် အချက်ပေါ့နော်။ ဒါကို သိမြင်ပြီးတော့ ဒီအစိုးရလက်ထက်မှာ ကျွဲ၊ နွားတွေကို သေချာထိန်းကျောင်းပြီးတော့မှ ပြည်ပကို ပြန်ပြီးပို့ခွင့်ပြုလိုက်တယ်။ ဒါက ကျနော်တို့ရဲ့ မူပိုင်းဆိုင်ရာ ပြန်စဉ်းစားရမယ့် အချက်လေးတွေပေါ့။ နံပါတ်နှစ်က ကိုယ့်အပိုင်းမှာပဲ ပြန်ကြည့်လိုက်ရင် တချို့ Procedure ပိုင်းတွေမှာ ပြန်ပြီး စဉ်းစားသင့်တဲ့အပိုင်းတွေ ရှိတယ်။ ဆိုလိုတာက Exporter တွေကို မလိုလားအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ မဖြစ်ဘဲနဲ့ ရှောရှောရှူရှူ ပို့သွားလို့ရအောင် ဒီဟာလေးတွေ စဉ်းစားဖို့ရှိတယ်။ တဖက်နိုင်ငံအပိုင်း ပြောရရင် တချို့နိုင်ငံတွေက တရုတ်နိုင်ငံဆိုရင် တရားဝင်ဆန်ပို့လို့မရဘူး။ တရုတ်နိုင်ငံကို Officially သကြားပို့လို့မရဘူး။ တဖက်အစိုးရက ပိတ်ထားတာပေါ့နော်။ ဒါမျိုးတွေကျတော့ Biliteral ပေါ့၊ နှစ်နိုင်ငံ ညှိနှိုင်းပြီး ပြန်သွားပြီး လုပ်သွားမယ့်အပိုင်းပေါ့။ မှောင်ခိုကြောင့်မို့လို့ Export ပိုင်းမှာ အခက်အခဲ ဖြစ်တယ်ဆိုတာလည်း အတိုင်းအတာတခုအထိတော့ မှန်ပါတယ်။” ဦးခင်မောင်ဝင်း - အခု ဆက်ဆွေးနွေးချင်တာက Privatization ပေါ့နော်။ ဟိုအရင်တုန်းကတော့ ကျနော်တို့နိုင်ငံက Socialist Economy ဆိုတော့ Planned Economy စီမံကိန်းစီးပွားရေးစနစ်၊ နိုင်ငံတော်ကပဲ အားလုံးပိုင်တယ်။ တပ်မတော်အစိုးရ လက်ထက်မှာ Market ကို ပြောင်းဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ ပြီးတော့ ဦးသိန်းစိန် အစိုးရ ဖြစ်လာတယ်။ နည်းနည်းအဆင့်တခု တက်လာတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍ နိုင်ငံပိုင် စီးပွားရေးတွေ၊ တချိန်က နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ ပုဂ္ဂလိက လွှဲပေးတဲ့ ကိစ္စမျိုးတွေမှာ အကြမ်းဖျင်းပြောရရင် Privatization ပေါ့နော်။ အဲဒါတွေကို ဘယ်လိုသုံးသပ်မလဲ။ ဘယ်အဆင့်တွေ ရောက်နေလဲ။ ဦးအောင်နိုင်ဦး - “ဒါက ကျနော် ခွဲပြောချင်ပါတယ်။ ပထမတခုက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခု ဒု-သမ္မတကြီး ဦးမြင့်ဆွေ ဦးဆောင်ပြီး လုပ်နေတယ်။ အဲဒီမှာ ကျနော်တို့က ကဏ္ဍကြီး ၅ ခု အခြေခံပြီးတော့ ပုဂ္ဂလိကကဏ္ဍ တက်လာအောင် ကျနော်တို့က ဆောင်ရွက်ပေးနေတယ်။ ပထမတခုက ငွေကြေးအထောက်အပံ့ ပေးနိုင်တဲ့ကိစ္စ၊ ဒုတိယအချက်က ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍပေါ့။ ဒါလေးတွေ ကျနော်တို့ ဘယ်လိုလုပ်မလဲပေါ့။ တတိယက ဥပဒေပိုင်းဆိုင်ရာ နည်းဥပဒေ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဘယ်လိုလုပ်မလဲပေါ့။ နောက် နံပါတ်လေး အချက်က အစိုးရရဲ့ အခန်းကဏ္ဍကို ဘယ်လိုပြန်ပြီး ပြင်ဆင် စုဖွဲ့ပြီးတော့ လုပ်ကိုင်မလဲပေါ့။ ဒါမျိုးတွေ ကျနော်တို့ စဉ်းစား ဆောင်ရွက်တဲ့အပိုင်းတွေ ရှိတာပေါ့နော်။ ဒီဟာမျိုးတွေ ပေတံနဲ့ သွားနေကြတာ။ ဒါက တပိုင်းပေါ့။ တဖက်က Privatization ဆိုတဲ့အပိုင်းကျတော့ ကျနော်တို့က ဆိုရှယ်လစ်စနစ်ကနေ လာခဲ့တာကိုး။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေက အတိုင်းအတာတခုအထိ တိုင်းပြည်ထဲမှာ ရှိနေရမှာ။ ရှိတော့ နိုင်ငံစီးပွားရေးလုပ်ငန်းတွေ ပြန်ကြည့်တဲ့အခါမှာလည်း သူ့ရဲ့ စွမ်းဆောင်နိုင်မှုက တဖြည်းဖြည်း ကျဆင်းလာတယ်။ နောက်တော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ စွမ်းဆောင်ရည်ကျတာတွေကို စဉ်းစားတိုင်းမှာ နိုင်ငံအများစုက နှစ်မျိုး စဉ်းစားလေ့ရှိတယ်။ တခုက Efficiency တက်လာအောင် သူတို့ရဲ့ Corporate စီမံအုပ်ချုပ်မှုတွေ ပြန်ပြင်တယ်ပေါ့။ Efficience ဖြစ်အောင် ပြန်ပြီးဖြစ်အောင် လုပ်ကြတယ်ပေါ့။ တချို့ကျတော့ Privatization ကို သွားတယ်ပေါ့။ အဲဒီတော့ နှစ်ဖက်စလုံးမှာ အားသာချက်၊ အားနည်းချက် ရှိတယ်။ အဲဒီတော့ Coporatization တကယ်လုပ်ပြီဆိုရင် သိပ်ထူးထူးခြားခြား ပြင်စရာမရှိဘူး။ လက်ရှိအဖွဲ့အစည်းတွေကို ပိုပြီး Efficience ဖြစ်အောင် လုပ်ပေးလို့ရတယ်။ ဒါက အချိန်တိုအတွင်း လုပ်လို့ရတယ်။ ခုနက Privatization ကျတော့ ဘာဖြစ်လာလဲဆိုတော့ လုပ်တတ်ရင် ကောင်းတယ်၊ မလုပ်တတ်ရင် တိုင်းပြည်အတွက် အန္တရာယ်ကြီးတယ်။ အရှေ့ဥရောပနိုင်ငံတွေ Socialist Economy ကနေပြီးတော့ Market Oriented ကို သွားတဲ့အချိန်မှာ အောင်မြင်သွားတဲ့ လုပ်ငန်းတွေရှိသလို မအောင်မြင်တဲ့ လုပ်ငန်းတွေလည်း အများကြီးရှိတယ်။ တရုတ်နိုင်ငံကျတော့ အောင်မြင်သွားတာတွေ အများကြီး တွေ့ရတယ်။ ဗီယက်နမ် အောင်မြင်တယ်ပေါ့။ အရှေ့ဥရောပိုင်နိုင်ငံတွေ Privatization Process တွေက မအောင်မြင်ခဲ့ဘူးပေါ့။ ဒါမျိုးလေးတွေ တွေ့ရတယ်။ အဲဒီတော့ ခြုံပြောရရင်တော့ Privatization ဆိုတဲ့ သဘောကတော့ ကြည့်လိုက်ရင် အစိုးရလုပ်ငန်းတခုက အများပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်း။ အရှုံးခံပြီး လုပ်ရမယ့် လုပ်ငန်းမျိုးဆိုရင်တော့ ဆက်ပြီးတော့ အစိုးရက တာဝန်ယူကို ယူထားရမယ်ပေါ့နော်။ သို့သော်လည်းပဲ အစိုးရက ဒီလုပ်ငန်းက ပုဂ္ဂလိကကို ပေးခြင်းအားဖြင့် ပိုပြီးတော့ ကောင်းလာမှာမျိုးဆိုရင် ပုဂ္ဂလိကကို ပေးပစ်ရမယ်။ ဆိုလိုတာကတော့ Public goods & services ပေါ့။ Public goods & services ပေးတဲ့လုပ်ငန်းတွေသည် အစိုးရက လုပ်ကို လုပ်ပေးရမယ်။ တခုကတော့ Commercialize လုပ်မယ့်လုပ်ငန်း။ ဒါကတော့ Privatization သွားကိုသွားရမယ်။ အဲဒီလို နှစ်ပိုင်းခွဲခြားပြီးတော့ လုပ်လေ့လုပ်ထ ရှိကြတယ်။” ဦးခင်မောင်ဝင်း - အကြမ်းဖျင်း ခြုံပြောလိုက်ရင် ကျနော်တို့နိုင်ငံရဲ့ Privatization လုပ်နေတက လမ်းကြောင်းမှန်ကိုသွားနေတာလား။ ဒါမှမဟုတ် လမ်းရော လွဲနေသေးလား။ ဦးအောင်နိုင်ဦး - “လက်ရှိအနေအထားမှာတော့ Privatization က သိပ်ထဲထဲဝင်ဝင် သွားတာ မရှိသေးဘူးပေါ့။ ပြီးခဲ့တဲ့ဟာတွေ ပြန်ကြည့်ရင်တော့ တချို့ တော်တော်လေး လွဲခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ Privatization ဆိုတဲ့သဘောက စွမ်းဆောင်ရည်ကျနေတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတခုကို ပုဂ္ဂလိကကို လွှဲပြီး စွမ်းဆောင်ရည်တက်လာအောင် လုပ်လိုက်တာ။ ဒီစက်ရုံက အစိုးရလက်ထဲမှာ အစိုးရက ဦးဆောင်လုပ်နေတာမှာ တနှစ်ကို ပစ္စည်း အခု ၁၀၀ ပဲ ထုတ်နိုင်တယ်။ အခု ၁၀၀ ထုတ်နိုင်ဖို့ သုံးတဲ့ဟာက ငွေ ၁၀၀၀ လောက် သုံးနေရတယ်။ ဒါကို Private ကို ပေးလိုက်မယ်ဆိုရင် အခု ၁၀၀ မှာ ၂၀၀ ဖြစ်မယ်၊ ၃၀၀ ဖြစ်မယ်။ သုံးရတဲ့ငွေကလည်း ၈၀၀ ဖြစ်မယ်၊ ၁၀၀၀ ဖြစ်မယ်။ ဒီရည်ရွယ်ချက်နဲ့ လုပ်ကြတာပေါ့။ ဒါပေမယ့် ကျနော့်အမြင်မှာ ဘာတွေလွဲခဲ့လဲဆိုတော့ Privatization လို့ ပြောခဲ့သော်ငြားလည်း တကယ်တော့ Privatization ရဲ့ အနှစ်သာရကို သိပ်မရောက်ဘဲနဲ့ နိုင်ငံပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကကို ရောင်းလိုက်တဲ့သဘော သွားပြီးသက်ရောက်တယ်။” ဦးခင်မောင်ဝင်း - လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်မှာ ဒါတွေ ပြင်နိုင်လိမ့်မယ်လို့ ဦးအောင်နိုင်ဦးအနေနဲ့ မြင်လား။ ဦးအောင်နိုင်ဦး - “Privatization ကတော့ အတိုင်းအတာတခုအထိတော့ ခြေလှမ်းစနိုင်မယ်လို့ ကျနော်မြင်တယ်။ ဒီကာလတို အစိုးရက တနှစ်ခွဲလောက် ကုန်သွားပြီကိုး။ နောက်ထပ် ၃ နှစ်ခွဲလောက် ကျန်တယ်ပေါ့။ ဒီ Privatization Process က ၃ နှစ်ခွဲလောက်နဲ့ လုပ်နိုင်ဖို့ တော်တော်လေး ခက်ပါတယ်။ အဲဒီအတွက်ကြောင့် ဖောင်ဒေးရှင်းတခုပေါ့နော်။ အရင် ဖောင်ဒေးရှင်းတခု ချနိုင်မယ်လို့ ကျနော်မြင်တယ်။ ဆိုလိုတာကတော့ Privatization နဲ့ပတ်သက်တဲ့ Legal Framework တွေပေါ့။ ဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွဲကောင်းဆွဲနိုင်လိမ့်မယ်။ ဆက်စပ်တဲ့ SOE reform လိုဟာမျိုးတွေပေါ့နော်။ State-owned enterprise တွေပေါ့နော်။ အစိုးရပိုင် လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေကို၊ ဒီပရိုဂရမ်တွေကို ဆွဲကောင်းဆွဲနိုင်လိမ့်မယ်။ သို့သော် Privatization Process ကြီးကို အောင်မြင်ပြီးမြောက်လောက်အောင်ထိတော့ အချိန်မလုံလောက်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။” ဦးခင်မောင်ဝင်း - ဆက်ဆွေးနွေးချင်တာက Access to Finance။ မြန်မာနိုင်ငံမှာ အထူးသဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့အချိန်မှာ ငွေလဲနှုန်း သတ်မှတ်တာက အစ နောက်ပိုင်းမှာ ပုဂ္ဂလိကဘဏ်တွေ အများကြီး ချပေးလိုက်ပြီးတော့ Access to Finance လွယ်ကူလုပ်ပေးလိုက်တယ်လို့ အကြမ်းဖျင်းတော့ Financial Sector မှာလည်း reform လုပ်တယ်ပေါ့နော်။ အဲဒီထဲမှာ ထောက်ပြဆွေးနွေးချင်တဲ့ တချက်က ကျနော်တို့နိုင်ငံမှာ ချပေးထားတဲ့ ဘဏ်တွေက အလွန်များမနေဘူးလား။ တဖက်က ကောင်းတာတော့ ပြုပြင်ပြောင်းလဲရေးလုပ်တာ ကောင်းတယ်။ သိပ်များနေတဲ့အတွက် ဘယ်သူကမှ ဈေးကွက်ထဲမှာ Viable မဖြစ်တော့ဘူး။ ဥပမာ Airline၊ Banking၊ ကျနော်တို့နိုင်ငံရဲ့ Economy သည် ထိုင်းထက် အများကြီး အဆငယ်တယ်။ ဒါပေမယ့် ထိုင်းထက် Banking ရော၊ Airline ရော အရမ်းများတယ်။ Airline ဆိုရင် ထိုင်းရဲ့ Airline နဲ့ မယှဉ်နိုင်ဘူး။ Banking ဆိုရင်လည်းပဲ ကျနော်တို့နိုင်ငံရဲ့ Bank တွေရဲ့ ဝန်ဆောင်မှုစရိတ်က ထိုင်းထက် အဆများစွာ ဈေးကြီးနေတယ်။ အဲဒါက ရေရှည်မှာ ဒီလောက် လိုင်စင်အများကြီး ထုတ်ပေးထားတာက မှန်ကန်တဲ့ပေါ်လစီ ဟုတ်ရဲ့လား၊   Financial Sector ကဏ္ဍမှာ ဘဏ်တွေအများကြီးရှိနေတဲ့ဟာက။ ဦးအောင်နိုင်ဦး - “ဒါနဲ့ပတ်သက်ပြီး ကျနော် ပြောရရရင်တော့ ကျနော်နဲ့ မကြာခဏ အယူအဆ မတူတာလေးတွေ ရှိတယ်ပေါ့။ ကျနော့်ရဲ့ အမြင်ကတော့ Bank တွေက လိုအပ်တာထက် ပိုများနေတယ်။ တကယ်တော့ Bank က မများသင့်ဘူး။ ဘဏ်ခွဲတွေပဲ များများရှိသင့်တယ်ပေါ့နော်။ မြို့နယ်တိုင်းမှာ ဘဏ်ခွဲတွေ ရောက်သွားရမယ်။ ကျေးလက်ကနေ လူတွေလည်း Access to Bank ပေါ့။ ကျနော်ဆိုလိုတာက ဘဏ်တွေကို ကျေးလက်က လူတွေလည်း လွယ်လွယ်ကူကူ သုံးနိုင်ရမယ်။ မြို့နယ်တင်မကဘူး၊ တိုက်နယ်အဆင့်လောက်ထိ ဘဏ်တွေရောက်သွားရင် ပိုကောင်းတယ်ပေါ့။ ကျနော်မြင်တာကတော့ ဘဏ်ခွဲတွေ များများလိုတယ်၊ ဘဏ်တွေ များများမလိုဘူး။ ဒါ ကျနော့်ရဲ့ အမြင်ပေါ့။” ဦးခင်မောင်ဝင်း - ကျနော်တို့လည်း အဲဒီလို သုံးသပ်တဲ့လူတွေ ရှိတယ်လေ။ နောက်တခု Airline ဆိုကြပါစို့။ ကျနော်တို့ မြန်မာနိုင်ငံက Airlines အရေအတွက်က ထိုင်းထက် များတယ်။ ဘဏ်လည်း ထိုင်းထက်များတယ်။ ကျနော်တို့နိုင်ငံက ဘဏ်တွေရော၊ Airlines တွေရော။ ဘာဖြစ်လို့လဲဆိုတော့ ခု AEC က ဖြစ်လာတော့မယ်။ နှစ်နိုင်ငံကြားမှာ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ဈေးပေါတဲ့ Airline ပဲ သုံးမှာပဲ။ နောက်ဆုံး ထိုင်းကိုသွားတဲ့အချိန်မှာ ထိုင်း Airline နဲ့ အဆုံးသတ်သွားတယ်။ Airline ကဏ္ဍမှာလည်း ဒီလို ဖြစ်နေသလားလို့ပေါ့လေ။ လိုင်စင်တွေ အများကြီး ထုတ်ပေးထားပြီးတော့ ဘယ်သူမှ မယှဉ်ပြိုင်နိုင်ဘဲ အရှုံးပေါ်တဲ့ Airlines တွေလည်း ရှိတယ်။ စောစောကပြောတဲ့ Privatization က မမှန်မကန် ပုံမကျပန်းမကျ ဖြစ်နေတယ်ဆိုတဲ့ သင်္ကေတတွေလား။ ဦးအောင်နိုင်ဦး - “တကယ်တော့ Airline တွေ များတာလည်း မှန်တယ်။ များရုံတင် မဟုတ်ဘူး။ အကုန်လုံးနီးနီးက ရှုံးနေကြပြီ။ ဒါက ဒီ Business ရှုထောင့်က ကြည့်လိုက်ရင် သိပ်ပြီးတော့ သဘာဝသိပ်မကျဘူး။ မဖြစ်သင့်တဲ့အရှုံးလို့ ကျနော် မြင်ပါတယ်။ ခုနကပြောတာ မှန်ပါတယ်။ ကျနော်တို့က ထိုင်းနဲ့ယှဉ်လိုက်ရင် Airlines တွေက အများကြီး။ ကျနော်တို့မှာ များနေတယ်။ Airline တလိုင်း တလိုင်းကလည်း Airline သာ ပြောတယ်၊ လေယာဉ်လည်း သိပ်မများဘူး။ တစီးနှစ်စီးပဲ ပါတယ်။ ဒီလောက်နဲ့ Airline တလိုင်းထောင်ပြီး သူတို့ကလုပ်တာ။ အဲလိုလုပ်တာထက်စာရင် Airlines နည်းနည်းနဲ့ အစီးရေများများ၊ ခေါက်ရေများများ၊ ကွင်းများများ၊ ပြည်တွင်းမှာ Domestic Flights တွေ ဆင်းနိုင်ရင် ပိုကောင်းတယ်။ အားလုံးနီးနီးလည်း ရှုံးနေကြတာ ဖြစ်တဲ့အတွက် ဒါ အမှားသရုပ်ပြတခုပေါ့။ နောက်လူတွေ သင်ခန်းစာယူရမယ့် Business အမှားတခုပေါ့။ သူက တကယ်တော့ Private Sector ရဲ့ Openess ပေါ့နော်။ Privation Sector ကို ဖွင့်ပေးလိုက်တဲ့အခါမှာ လိုအပ်တာထက် နည်းနည်းပိုများတယ်ပေါ့နော်။ Privatization တောင်မှ မဟုတ်တော့ဘဲ Private liberalization ပေါ့။ တချို့ဟာတွေက liberalize လုပ်သင့်တာရှိတယ်။ သို့သော် တပိုင်းတစ လုပ်သင့်တာလေးတွေ ရှိတယ်။ လုံးဝ မလုပ်သင့်တာလေးတွေလည်း ရှိတာပေါ့။ Airl line လိုမျိုး ကိစ္စမျိုးတွေကတော့ ဒါ အပြည့်အဝ liberalize ဘယ်သူ လျှောက်လျှောက် ပေးမယ်ဆိုတာမျိုး မဖြစ်သင့်ဘူးပေါ့။ ဥပမာ Telecom လုပ်တာဆိုရင် မှန်တယ်ပေါ့။ Telecom က Limited liberalization ပေါ့နော်။ ကန့်သတ်ပြီးတော့မှ Telcom Service Provider ကို ၄ ယောက်ပဲ ပေးမယ်ဆိုပြီးတော့မှ ကန့်သတ်ပြီးတော့ စနစ်တကျ လုပ်လိုက်တဲ့အခါမှာ Telcom Sector က အကုန်တက်လာတယ်။ အားလုံး အကျိုးအမြတ်ဖြစ်တယ်ပေါ့။ ” ဦးခင်မောင်ဝင်း - အဲဒီလိုမျိုး မှားယွင်းနေတဲ့ Privatization ကဏ္ဍက ကိစ္စလေးတွေကို ဦးအောင်နိုင်ဦးတို့ DICA အနေနဲ့ပဲဖြစ်ဖြစ်၊ MIC အနေနဲ့ပဲဖြစ်ဖြစ် ဒါတွေကို အဲဒီတာဝန်အရ မဟုတ်ရင်တောင်မှ ဒီဟာတွေကို သုံးသပ်နိုင်တဲ့ အရာရှိကြီးတယောက်အနေနဲ့ အစိုးရကို အကြံပေးတာမျိုး၊ အကြံပေးနိုင်တဲ့ လမ်းကြောင်းလိုမျိုးရော ရှိလား။ ဦးအောင်နိုင်ဦး - “အကြံပေးနိုင်တာတော့ Relation ပေါ့နော်။ လက်ရှိ ကျနော်တို့ဌာနအနေနဲ့ အထက်အကြီးအကဲပေါ့။ ဝန်ကြီးဌာန တော်တော်များများကတော့ ကျနော်တို့ဌာနနဲ့ လက်ပွန်းတတီး ရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ ဝန်ကြီးဆိုလည်း သူက MIC ဥက္ကဋ္ဌလည်း ဖြစ်တယ်၊ ကျနော့်ရဲ့ဝန်ကြီးလည်း ဖြစ်တယ်။ သူကိုယ်တိုင်လည်း တိုင်းပြည်ကောင်းအောင် တတ်နိုင်သမျှ လုပ်နေတဲ့အတွက်ကြောင့် ကျနော်တို့ အကြံပေးတာ တော်တော်များများသူ နားထောင်ပါတယ်။ တခါတလေကျလည်း အပြန်အလှန် ဆွေးနွေးတာလည်း ရှိတယ်ပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ Team work လေးတော့ နည်းနည်းလိုနေသေးတယ်။ အခုက ဝန်ကြီးဌာနတွေနဲ့ တယောက်နဲ့တယောက် Interministerial Consultation တို့ ဒါမျိုးလေးတွေ ပိုလုပ်နိုင်ရင် ပိုကောင်းမယ်ပေါ့။ ကျနော်တို့ရဲ့သဘောက ပေါ်လစီပိုင်းကို ဝင်ပြီး Intervene လုပ်တဲ့ဟာမျိုးက နည်းပြီးတော့ ဝန်ကြီးဌာနအသီးသီးက တင်ပြလာတဲ့ Business တွေကို ကျနော်တို့က စိစစ်ပြီး Approved လုပ်ပေးရတဲ့အပိုင်းမှာ များတယ်။ ကျနော်တို့ MIC ရဲ့ အပိုင်းသည် ဒီ့ထက်ပိုပြီးတော့ Proactive ဖြစ်တဲ့ Role မှာ ပါသင့်တယ်ပေါ့နော်။ ဒါက ကျနော့်ရဲ့ အမြင်ပေါ့။ ဝန်ကြီးဌာနတွေရဲ့ Interministerial Cooperation အပြင် Consultation ပေါ့။ ဒါလေးလည်း ဒီ့ထက်ပိုအားကောင်းရင် တိုင်းပြည်ရဲ့အရွေ့ ပိုမြန်မယ်လို့ ထင်ပါတယ်။” ဦးခင်မောင်ဝင်း - အခု အန်အယ်လ်ဒီအစိုးရ စီးပွားရေးမူဝါဒ စပြီးလုပ်တာ ရှိတယ်လေ။ ဦးအောင်နိုင်ဦးဆိုရင် ထဲထဲဝင်ဝင် သေသေချာချာ လေ့လာသုံးသပ်ပြီး ဖြစ်မှာပေါ့။ အဲဒီမူဝါဒက ခုနက ပြောနေတဲ့ Privatization လုပ်ဖို့ လွဲနေတာကို လမ်းတည့်အောင်လုပ်ဖို့ Inline ဖြစ်လား။ ဦးအောင်နိုင်ဦး - “စီးပွားရေးမူဝါဒ ၁၂ ချက် ချထားတယ်။ ၁၂ ချက်က စီးပွားရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်တဲ့ ကိစ္စလေးတွေကို အမျိုးသားစီးပွားရေး ပူးပေါင်းညှိနှိုင်းမှုကော်မတီ NECC (National Economic Cooperation Committee) ဆိုတာလေး ရှိပါတယ်။ အဲဒီကော်မတီက အမြဲတမ်း တစိုက်မတ်မတ် Monitor လုပ်ပြီးတော့မှ ကြည့်နေပါတယ်။ ပေါ်လစီ ၁၂ ချက်ကို ပြောရမယ်ဆိုရင် အရင်အစိုးရလက်ထက်က စီးပွားရေးနဲ့ပတ်သက်တာ ပေါ်လစီ ၄ ချက်ပေါ့။ အခု ၁၂ ချက်ချတယ်။ ဝေဖန်ချက်တွေ မျိုးစုံရှိပါတယ်။ ပေါ်လစီတွေက သိပ်ဝေဝါးဝါးနိုင်တယ်။ ပေါ်လစီတွေက သိပ်များတယ်။ စသဖြင့် ဒီလိုတွေ ဝေဖန်ချက်တွေကတော့ ထုတ်ပြန်တဲ့နေ့ကတည်းက ထွက်နေပြီပေါ့နော်။ ဒီလိုလေးတွေ ဖြစ်ခဲ့တယ်။ သို့သော်လည်းပဲ ကျနော့်အမြင် ပြောရရင်တော့ ဘာမှ စီးပွားရေးမူဝါဒတွေ မရှိဘဲနဲ့ လုပ်နေတာနဲ့စာရင် မူဝါဒက ကျနော်တို့ရဲ့ Light House ရှိသွားတယ်ပေါ့။ ဒါကိုကြည့်ပြီး ကျနော်တို့က လုပ်သွားလို့ရတယ်။ ဒါပေမယ့်လည်း ကျနော်တို့က ၁၂ ချက် အကောင်အထည်ဖော်တဲ့အခါမှာတော့ တချို့ဟာလေးတွေက အချိန်ယူရမယ့်ကိစ္စလေးတွေ ပါပါတယ်။ တချို့ကိစ္စလေးတွေက ဥပဒေကို ပြင်သင့်တဲ့ ကိစ္စလေးတွေ ပါတယ်။ လုပ်ထုံးလုပ်နည်းပြင်တာက အချိန်တိုတိုနဲ့ ပြီးတယ်။ ဥပဒေပြင်ရတာကတော့ အချိန်တိုတိုနဲ့ မပြီးနိုင်ဘူးပေါ့။ ၁၂ ချက်ကို ပြန်ကြည့်လိုက်ရင် Longterm သွားရမယ့်ကိစ္စတွေ ရှိတယ်။ Medium term သုံးလေးနှစ်နဲ့ ပြီးသွားနိုင်တဲ့ ကိစ္စလေးတွေ ရှိတယ်။ Short term သွားရမှာတွေ ရှိတယ်။ ဒီ ၁၂ ချက်လုံး ဒီအစိုးရလက်ထက်မှာ အင်ပြည့်အားပြည့် ရာနှုန်းပြည့် ပြီးသွားနိုင်မလားဆိုတာတော့ မပြီးနိုင်ဘူး။ အတိုင်းအတာတခုအထိ အခြေတည်မိမယ်။ အတိုင်းအတာတခုအထိ ခရီးရောက်သွားမယ်။ တချို့အချက်တွေ ပြီးသွားမယ်။ တချို့အချက်တွေ ဆက်ပြီး အကောင်အထည်ဖော်ဖို့ ကျန်မယ်ပေါ့။” ဦးခင်မောင်ဝင်း - အခု AEC ဖြစ်လာတော့မယ်။ တချို့ကလည်း အဆိုးရော အကောင်းရော၊ စိတ်လှုပ်ရှားတာရော၊ ရင်ခုန်တာရော၊ ကြိုက်တာရော မကြိုက်တာရော မျိုးစုံကြိုဆိုနေကြတယ်။ တုံ့ပြန်နေကြတယ်။ AEC ဆိုတာလည်း ရှောင်လွှဲလို့မရဘူး။ Negotiation Process မှာ ဒီအစိုးရကလည်း ပါမှာပဲ။ အဲဒီ AEC ဖြစ်လာရင် ဘယ်လိုဖြစ်လာမယ်လို့ မြင်လဲ။ မြန်မာနိုင်ငံ စီးပွားရေးအတွက် ဘယ်လိုနေရာတွေမှာ အားသာချက် အကောင်းဘက်က ဖြစ်ပြီးတော့ ဘယ်လိုနေရာမှာ ကိုယ်ခံရမယ့်ဘက်က ဖြစ်နိုင်လဲ။ ဘယ်လို သုံးသပ်လို့ရလဲ။ ဦးအောင်နိုင်ဦး - “AEC က ကျနော်တို့အတွက် တကယ်ကို အဆိုးရော အကောင်းရော နှစ်ခုစလုံးကို ယူဆောင်ပေးလာမယ့် အစီအစဉ်တခုပေါ့။ တကယ်တော့ AEC က အာဆီယံ ၂၀၁၂-၂၀၁၃  နှစ်နှစ်မှာ ကျနော် မြန်မာနိုင်ငံရဲ့ အာဆီယံစီးပွားရေးအရာရှိအနေနဲ့ပေါ့  ASEAN ကို ကျနော် နှစ်နှစ်လောက် သွားလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီးတော့ အာဆီယံတာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ တကယ်တော့ AEC က ဘယ်လောက် Ready ဖြစ်သလဲမေးရင် ၂၀၁၅ ခုနှစ် တကယ်သဘောတူခဲ့တာက အာဆီယံခေါင်းဆောင်တွေ သဘောတူထားတာက ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ အာဆီယံ ၆ နိုင်ငံ AEC သွားကြမယ်။ စတည်ထောင်တဲ့ ၆ နိုင်ငံပေါ့၊ ကျန်တဲ့ ၄ နိုင်ငံ CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) တို့ကတော့ ၂၀၁၈ ထိ  ၃ နှစ် Handicap ပေးတယ်ပေါ့။ ၂၀၁၄ ထဲမှာ ကျနော်တို့ ဆီယမ်ရိမြို့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျနော်တို့က အာဆီယံ အစည်းအဝေး တက်တယ်။ Senior Economics Officer အချင်းချင်း တိုင်ပင်တယ်။ မင်းတို့တွေ Readiness ဖြစ်ပြီလား၊ ၂၀၁၅ ဇန်နဝါရီ ရောက်တော့မယ်။ ကပ်နေပြီ။ ကြည့်လိုက်တဲ့အခါ Founding Member ၆ နိုင်ငံလည်း စင်ကာပူကလွဲရင် ကျန်တဲ့နိုင်ငံတွေ Ready မဖြစ်ဘူး။ ကျနော်တို့ ၄ နိုင်ငံလည်း မဖြစ်ဘူး၊ အဲဒီတော့ တို့ရဲ့ Minister တွေကို တို့ Propose လုပ်ရင် မကောင်းဘူးလား၊ ၂၀၁၅ ဆိုတာက ၂၀၁၅ လို့ပဲပါတယ်။ ဇန်နဝါရီတွေ ဖေဖော်ဝါရီတွေ ပါတာမဟုတ်ဘူး။ တို့က ၂၀၁၅ ဇန်နဝါရီ ၁ ရက်နေ့အစားတို့ ဒီဇင်ဘာ ၃၁ ကို ရွှေ့ဖို့ ဝိုင်းအကြံပေးရင် မကောင်းဘူးလားလို့ဆိုတာ ကျနော်တို့ ဆွေးနွေးဖြစ်တယ်။ အားလုံး သဘောတူပြီးတော့ Minister တွေကို ဆွေးနွေးတယ်၊ အားလုံး Minister တွေ ဆွေးနွေးပြီး အကုန်ဆုတ်လိုက်တယ်ပေါ့။ ၂၀၁၅ ဒီဇင်ဘာ ၃၁ ကို။ ကျနော် ပြောချင်တာက Readiness ပေါ့။ မြန်မာပြည်တင် မဟုတ်ဘူး။ အာဆီယံ တော်တော်များများလည်း Ready မဖြစ်ကြဘူး။ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) က ၂၀၁၅ မှာ စခဲ့ပြီ။ ကျနော်တို့ မြန်မာနိုင်ငံလည်း နောက်နှစ်ဆိုရင် Fully Participate ဖြစ်ပြီ။ ဖြစ်တော့ ဘာတွေ ကောင်းလာမလဲ၊ ဘာတွေ ဆိုးလာမလဲ။ အကောင်းအဆိုးပေါ့။ ကောင်းတာက Investment ရှုထောင့်က ကြည့်လိုက်ရင် အများကြီး ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံရဲ့ မျှော်မှန်းချက်က Single Production Base အာဆီယံနိုင်ငံသည် တခုတည်းသော ကုန်ထုတ်လုပ်မှု ဒေသကြီးတခု ဖြစ်သွားမယ်။ ဆိုလိုတဲ့သဘောက ဥပမာ မော်တော်ကားတစီး ထုတ်မယ်။ မလေးရှားမှာ ဘက်ထရီ လုပ်မယ်။ ထိုင်းမှာ ဘော်ဒီလုပ်မယ်။ စင်ကာပူမှာ အင်ဂျင်လုပ်မယ်။ ပြီးရင် မြန်မာပြည်မှာ သယ်လာပြီး ဆင်ရမယ်။ အဲဒီလို သယ်လာတဲ့အခါ တယောက်နဲ့တယောက် ဂျူတီ မကောက်ကြကြေး။ ကိုယ် အားသာရာ ကိုယ်ထုတ်။ အာဆီယံပစ္စည်းတွေက Global Market မှာ Competitive ဖြစ်မယ်။ Single Production Base ကို အာဆီယံက မျှော်မှန်းခဲ့တာ။ အဲဒီလို မျှော်မှန်းခဲ့တဲ့အတွက် မြန်မာနိုင်ငံအတွက် ဘာကောင်းလဲဆိုတော့ နံပါတ်တစ် Natural Resource သဘောဝအရင်းအမြစ် ပေါတဲ့နိုင်ငံ ဖြစ်တယ်။ ကိုယ့်ပြည်ရဲ့ Resource တွေကို ထိထိရောက်ရောက် အသုံးချနိုင်ရမယ်။ နံပါတ်နှစ်က လူသားအရင်းအမြစ် အားကောင်းတယ်ပေါ့။ လူတွေက Skill မဖြစ်သေးသော်လည်း လေ့ကျင့်ပေးလိုက်ရင် လွယ်လွယ်နဲ့ တတ်လွယ်တယ်။ အများကြီးရှိတယ်။ နောက်တချက်က လုပ်ခနှုန်းထားက ကျန်တဲ့နိုင်ငံနဲ့ယှဉ်ရင် တော်တော်နည်းနေသေးတယ်။ ဒါက ကိုယ့်အတွက် ကောင်းတယ်။ နောက် Location Advantage တည်နေရာ အလေးသာမှု မြန်မာနိုင်ငံက ရထားတယ်ပေါ့။ Single Production Base ကို သွားတဲ့အခါမှာ မြန်မာနိုင်ငံမှာ အားသာတဲ့အချက်တွေ အများကြီးရတော့ အများကြီး မျှော်မှန်းလို့ရတယ်။ နောက်တခုက ပိုကောင်းတာက မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ပစ္စည်းတခုက Country of Original မြန်မာဆိုရင် EU Market မှာ GSP ရတယ်။ အမေရိကန် Market မှာ GSP ရတယ်။ ဒီ GSP ဆိုတာက မလေးရှား မရဘူး၊ ထိုင်း မရဘူး၊ စင်ကာပူ မရဘူး၊ အင်ဒိုနီးရှားလည်း မရဘူး၊ မြန်မာနိုင်ငံက ရတယ်။ ဒါ ကျနော်တို့အတွက် အားသာချက်။ Investment ရှုထောင့်က ကြည့်ရင်တော့ AEC သည် အများကြီးကောင်းတယ်။ ကိုယ့်တိုင်းပြည်အတွက် အများကြီး ကောင်းတယ်။ သို့သော် ကုန်သွယ်မှု ရှုထောင့်ကကြည့်ရင် စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခြားအာဆီယံနိုင်ငံက ထုတ်တဲ့ပစ္စည်းတွေသည် ကိုယ့်ဈေးကွက်ထဲကို  အကောက်ခွန် တပြားမှ ပေးဆောင်စရာမလိုဘဲ ဝင်လာမှာဖြစ်တဲ့အတွက် ပြည်တွင်းမှာရှိနေတဲ့ ကုန်ထုတ်လုပ်မှုဈေးကွက် စိန်ခေါ်မှု ဖြစ်လာနိုင်တယ်။ ကိုယ်က Export ကို ဟုတ်တိပတ်တိ အသုံးမချနိုင်ဘူးဆိုရင် အာဆီယံက ပေးထားတဲ့ Export အခွင့်အလမ်းကြီးပေါ့။ ကိုယ့်ပစ္စည်းက သူများနိုင်ငံကို ပို့ရင် အကောက်ခွန်ဇီးရိုးပဲလေ။ ကိုယ်က ဒီအခွင့်အလမ်းကို အသုံးမချနိုင်ရင် ကိုယ့်ထဲကို သွင်းလာတဲ့ ကုန်တွေက များပြီးတော့ ပို့တဲ့ကုန်တွေက နည်းသွားရင် Trade Deficit ကုန်သွယ်မှုလိုငွေ  ပိုကြီးလာနိုင်တယ်။” ဦးခင်မောင်ဝင်း - အဲဒီလိုကိစ္စမျိုးကို ပြောင်းပြန်ဖြစ်သွားအောင် အစိုးရ လုပ်ပေးနိုင်တဲ့ ပေါ်လစီ ဘာများဖြစ်မလဲ။ ဦးအောင်နိုင်ဦး - “နံပါတ်တစ်က Investment Promotion လုပ်ပေးရမယ်။ ကုန်ထုတ်လုပ်မှု မြှင့်ရမယ်။ ကုန်ထုတ်လုပ်မှုမြှင့်မှ ကျနော်တို့က Export တက်မယ်ပေါ့။  အဲဒီတော့ ကုန်ထုတ်လုပ်မှု မြှင့်ကို မြှင့်ရမယ်။ ဒါကြောင့် ၂၀၁၆ Investment Law ပြဋ္ဌာန်းပြီးတဲ့အခါမှာ အများကြီး ဖွင့်လိုက်တယ်။ ကန့်သတ်ထားတာတွေ ဖြေလျှာ့လိုက်တယ်။ ရည်ရွယ်ချက်က အမျိုးမျိုးဖြစ်နေတာ။ အစိုးရက အလွန်အကျွံ ဖွင့်ချလိုက်ပြီလို့ မြင်နေတာ။ တကယ်က မဟုတ်ဘူး။ အစိုးရက အလွန်အကျွံဖွင့်တာ မဟုတ်ဘူး။ အစိုးရက ၂၀၁၈ နောက်ပိုင်းမှာ ဖြစ်လာမယ့် အကျိုးဆက်အတွက် ကိုယ့်တိုင်းပြည်က ပို့ကုန်များများ ထွက်သွားအောင် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို ဖွင့်ပြီး လက်ခံလိုက်တာ။ ကိုယ့်တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်မယ်။ Export များများလုပ်မယ်။ ဒါမျိုးတွေ များများဝင်လာအောင်ပေါ့။ ဆိုလိုတာကတော့ Investment Promotion ကနေ Trade Deficit ကို Counter ပြန်လုပ်နိုင်အောင် လုပ်ထားတာ ဖြစ်တယ်။ အစိုးရပိုင်းက ဘာပြင်ထားလဲ မေးရင် နံပါတ်တစ် ပြင်တာက Investment Law အသစ်နဲ့ liberalization ကို ပိုလုပ်ထားတယ်။ တိုင်းပြည်အတွက် Investment ပိုများများဝင်လာအောင် ကျနော်တို့က ဖွင့်ပြီးတော့ Investment များများဝင်ခြင်းအားဖြင့် ပို့ကုန်များများထွက်ပြီး Trade Deficit ကွာဟချက်ကြီးလာတာကို လျှော့ချနိုင်အောင် နံပါတ်တစ် ပြင်တယ်။ နံပါတ်နှစ်က ကိုယ့်လူတွေ Private Sector Development ဖြစ်အောင် အားကောင်းအောင်  ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေးကို ဒု-သမ္မတ ဦးဆောင်ပြီးတော့ Private Sector ကို ဘယ်လို Develop လုပ်ပေးနိုင်မလဲဆိုတာ ကျနော်တို့ ပြင်တယ်။ Private Sector မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို နားထောင်တယ်။ ဖြေရှင်းပေးတယ်ပေါ့။ နှစ်ပိုင်း ပြင်တယ်ပေါ့။ Export အတွက်ကို ကျနော်တို့က ကြိုစဉ်းစားတယ်။ နောက် ကိုယ့်လူတွေကို ဝန်ထုပ်ဝန်ပိုး နည်းနည်းနဲ့ လုပ်နိုင်ကိုင်နိုင်ဘဝကို ပိုမြင့်လာအောင်လုပ်ပေးတယ်ပေါ့။” အခုလို ရှင်းပြပေးတဲ့အတွက် ဦးအောင်နိုင်ဦးကို ကျေးဇူးတင်ပါတယ်။ (ယခုတွေ့ဆုံမေးမြန်းချက်ကို DVB Common Ground ဖွံ့ဖြိုးစီးပွားမိတ်ဖက်စကားရုပ်သံ အစီအစဉ်မှ ကောက်နုတ်တင်ပြထားတာပါ။ ဦးအောင်နိုင်ဦးနဲ့ မိတ်ဖက်စကားပြော ရုပ်သံ အစီအစဉ်ကို DVB TVChannel ကနေ နိုဝင်ဘာ ၄ ရက်၊ စနေနေ့ ည ၇း၃၀နာရီမှာ ထုတ်လွှင့်ပေးသွားဖို့ရှိပါတယ်။)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up