Live
Home
မြန်မာသတင်း
မြန်မာ့ရိုးရာ တန်ဆောင်တိုင်ည ဗြောက်အိုးနှင့် ရှူးဒိုင်းများ ရောင်းချသူ အရေးယူမည်
DVB
·
November 2, 2017
  နိုဝင်ဘာ ၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ရိုးရာ တန်ဆောင်တိုင်ည ဗြောက်အိုး ရှူးဒိုင်းဖောက်သူများကို အရေးယူမယ့်အပြင် ရောင်းချသူတွေကိုလည်း စစ်ဆေးရှာဖွေ အရေးယူသွားမယ်လို့ ကလေးမြို့နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ “အဓိက ဗြောက်နဲ့ ရှူးဒိုင်းတွေ ရောင်းတာတွေ့ရင် အရေးယူမယ်။ ကြိုတင်ပြီးလည်း ဆိုင်တွေကို ပြောထားတယ်။ နောက်ပြီး လူစည်ကားရာ နေရာတွေမှာ အများသူငှာ စိတ်ပျက်ဖွယ် သောက်စား အော်ဟစ် ရမ်းကားတာတွေလည်း အရေးယူမယ်။ နောက်ပြီး လမ်းဆုံလမ်းမနဲ့ အထင်ကရ နေရာတွေမှာ ပစ္စည်းတွေ ဟိုရွှေ့ ဒီရွှေ့ သွားလာခက်ခဲအောင် လုပ်တာတွေလည်း တွေ့ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်” လို့ ကလေးမြို့ တာဝန်ရှိ ရဲအရာရှိတဦးက ပြောပါတယ်။ ကလေးခရိုင် ရဲတပ်ဖွဲ့အနေနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးဆောင်ပြီး ကလေးမြို့တွင်း လုံခြုံရေးအနေနဲ့ လှည်းကင်း၊ ပိတ်ဆို့ကင်း၊ ရပ်ကင်းတွေနဲ့ အဆက်မပြတ် လှည့်လည်ပညာပေးခဲ့ပြီး မှုခင်းကျဆင်းရေး ဆောင်ရွက်မှုတွေကိုလည်း အဆက်မပြတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကလေးမြို့ခံ ကိုဝင်းမြင့်ထွန်းက “ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းကတော့ ဆူဆူညံညံ ရှိနေတာပဲ။ တားမြစ်ချက်ရှိလည်း လုပ်သူက လုပ်တာပဲ။ ဗြောက်ဖောက်တာက သိပ်မဆိုးပေမယ့် ရှူးဒိုင်းတွေကတော့ လူမှန်ရင် အန္တရာယ်ဖြစ်တတ်တယ်။ နောက်ပြီး မြို့ပြင်တို့ အများသူငါ သွားလမ်းတွေပေါ် သောက်စားတာတွေတော့ တားသင့်တယ်။ မူးတဲ့အခါ ရန်ဖြစ်တာတွေ ရှိတယ်” လို့  ပြောပါတယ်။ လာမယ့် တန်ဆောင်တိုင်ညမှာလည်း ရဲတပ်ဖွဲ့နဲ့အတူ သက်ဆိုင်ရာ ရပ်ကွက် တာဝန်ရှိသူများ အရပ်ဘက်အဖွဲ့များ ပေါင်းစုပြီး ကင်းလှည့်စစ်ဆေး ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သတင်း - မင်းရဲစစ်နိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024