DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် အစိုးရ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ဧပြီ ၆ ရက် စမည်
DVB
·
April 2, 2012
ကေအန်ယူနှင့် အစိုးရ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ ဧပြီ ၆ ရက် စမည်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)နဲ့ အစိုးရပြည်ထောင်စု ကိုယ်စားလှယ်တို့  ဧပြီလ ၆ ရက်နေ့ ရန်ကုန်မြို့မှာ စတင်တွေ့ဆုံမယ်လို့ ကေအန်ယူ ငြိမ်းချမ်းရေးကိုယ် စားလှယ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုကွယ်ထူးက ပြောပါတယ်။

ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ ဗိုလ်ချုပ် မူတူးဆေးဖို့တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၆ ရက်ကျရင် အစိုးရ ပြည်ထောင်စုအဆင့် ကိုယ်စား လှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာပါ။

အဲဒီဆွေးနွေးပွဲမှာ စစ်ရေးနဲ့ လူထုဘ၀ လုံခြုံမှုကိစ္စ အဓိကထား ဆွေးနွေးမယ်လို့  ပဒိုကွယ်ထူးက ပြောပါတယ်။

“အဓိက ကျနော်တို့ဆွေးနွေးမှာ စစ်ရေးနဲ့ပတ်သက်တာ၊ လူထုနဲ့ ပတ်သက်တာ၊ ပညာရေး၊ သူတို့ရဲ့လုံခြုံရေး၊ စာဝတ်နေရေး၊ လူမှုရေးကိစ္စတွေ၊ သူတို့ရဲ့ ဘ၀လုံခြုံရေး ကိစ္စတွေ၊ အဓိကထား ဆွေးနွေးမှာပေါ့။ အခုက ပဏာမ သဘောတူညီပြီး အသေးစိတ်ကလည်း မဆွေးနွေးရသေးတော့ ဒီကိစ္စကို အရင်ဆုံး စစ်ရေးကိစ္စနဲ့ ဆက်စပ်နေတဲ့ လူထုအရေးကိစ္စကို ဆက်ဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။”

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမစခင်မှာ  ကေအန်ယူကိုယ်စားလှယ်အဖွဲ့ဟာ ကရင်ပြည် နယ်ဝန်ကြီးချုပ်၊ နယ်မြေခံစစ်တိုင်းမှူးတို့နဲ့ တွေ့ဆုံပြီး ပထမအခေါက်တုန်းက သဘောတူညီ ထားတဲ့ အချက်တွေကို ပြန်လည် ဆွေးနွေးဦးမှာပါ။ အဲဒီနောက် ရန်ကုန်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပြီး ရန်ကုန်မှာရှိတဲ့ ကရင်နိုင်ငံ၊ လူမှုရေး၊ ဘာသာရေး အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ ဘာတွေ ပြောဆိုမလဲလို့ မေးကြည့်ရမှာတော့ “အထူးသဖြင့်တော့ ကျနော်တို့ သိရသလောက်တော့ အန်အယ်လ်ဒီ ပါတီက ရွေးကောက်ပွဲဝင်တဲ့နေရာမှာ သူတို့ရဲ့ အောင်မြင်မှုကတော့ မဲဆန္ဒနယ်အကုန်လုံး လိုလိုမှာ အောင်မြင်မှုရတယ်။ ကျနော်တို့ဒါကို ကြိုဆိုတယ်။ သူ့ရဲ့ တိုင်းပြည်အပေါ်မှာ လုပ်ဆောင်မှုတွေကို ကျနော်တို့က လေးစားတယ်။ ကျနော်တို့ဘက်ကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်တည်ဆောက်မှု ငြိမ်းချမ်းရေး အစီအစဉ် ကိုလည်း တင်ပြမှာပေါ့။”

ဧပြီလ ၉ ရက်နေ့မှာလည်း ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင်းမှာ ကေအန်ယူ ဆက်ဆံရေးရုံးကို သွားရောက်ဖွင့်လင့်ဖို့ စီစဉ်ထားသလို ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ ပဒိုကွယ်ထူးက ပြောပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်စွဲကိုင် တိုက်ခိုက်တဲ့ ကေအန်ယူ အဖွဲ့နဲ့ အစိုးရအကြား ဇန်န၀ါရလဆန်းပိုင်းက ပထမအကြိမ် တွေ့ဆုံရာမှာ  အပစ်ရပ်ထားဖို့ နှစ်ဖက် ပဏာမသဘောတူညီခဲ့ပါတယ်။ ဒုတိယအကြိမ် တွေ့ဆုံရာမှာ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကိစ္စကို ဆွေးနွေးကြဖို့ အပါအ၀င် အဆိုပြုချက် ၁၁ ချက်ကို တင်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013