Home
ဆောင်းပါး
မတရားအသင်း အက်ဥပဒေက တရားမဲ့ပြုကျင့်မှု ဖြစ်နိုင်သလား
DVB
·
November 1, 2017
မတရားအသင်း အက်ဥပဒေ (Unlawful Association Act) ဥပဒေဟာ ၁၉၀၈ ခုနှစ် ဒီဇင်ဘာလထဲမှာ အတည်ပြု ပြဋ္ဌာန်းခဲ့တာပါ။ အိန္ဒိယဥပဒေကို တိုက်ရိုက် ပြဋ္ဌာန်းလိုက်တာပါပဲ။ ပြဋ္ဌာန်းတဲ့ ရည်ရွယ်ချက်ကိုက အင်္ဂလိပ်ကျူးကျော်စစ်ကို လက်မခံလို့ ပုန်ကန်သူကို နှိမ်နင်းဖို့ ထုတ်ပြန်ခဲ့တဲ့ တရားမဲ့ပြုကျင့်ဖို့ ကြံရွယ်ချက်နဲ့ ထုတ်ပြန်ခဲ့တဲ့ ဥပဒေပါ။ အခုဆိုရင် ဒီဥပဒေ ပြဋ္ဌာန်းခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်နေပါပြီ။ ခေတ်ကာလအရလည်း ကိုယ့်လူမျိုးအချင်းချင်း အုပ်ချုပ်ချိန်မှာ ဒီလို တရားမဲ့ ဖိနှိပ်တဲ့ ဥပဒေမျိုး မရှိသင့်ပါဘူး။ ဒါပေမယ့် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း ဒီဥပဒေကို ပယ်ဖျက်ခြင်းမပြုဘဲ အုပ်ချုပ်သူအဆက်ဆက်က လက်ကိုင်ပြုပြီး ကိုယ့်အမျိုးသား အချင်းချင်းကြားမှာ ဗိုလ်ကျ လွှမ်းမိုးဖိနှိပ်ရေး ကိရိယာတခုအဖြစ် အသုံးပြုနေဆဲပါ။ အင်္ဂလိပ်ထားခဲ့တဲ့ ကောင်းမွေ အတော်များများကို မေ့ဖျောက်ပစ်ခဲ့ကြပေမယ့် နယ်ချဲ့ထားခဲ့တဲ့ ဆိုးမွေတွေကိုတော့ ဒီနေ့အထိ အမွေဆက်ခံ လုပ်ဆောင်နေကြတာဟာ တိုင်းပြည်ကောင်းကျိုး လိုလားသူတိုင်းအဖို့တော့ မစဉ်းစားတတ်အောင်ပါပဲ။ ဒါကိုအကြောင်းပြုပြီး တရားမဲ့ပြုကျင့်မှုတွေ ရှိနေတယ်လို့ လူထုအသံတွေကလည်း ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ဖွင့်ဆိုချက်ကို ကြည့်ရင် “အစိုးရအား လက်နက်ကိုင်ဆန့်ကျင်သူ ရုန့်ရင်းကြမ်းတမ်းမှုများနှင့် ခြိမ်းခြောက်မှုများကို ကျူးလွန်ရန် အားပေးကူညီသည့် အဖွဲ့အစည်းများ သို့မဟုတ် ယင်းသို့ ပြုမူချက်များကို ပြုကျင့်လေ့ရှိသည့် အဖွဲ့ဝင်များ ပါသည့်အသင်း” လို့ ဖွင့်ဆိုပါတယ်။ ဒါပေမယ့် အခု ကြုံတွေ့နေရတာတွေက ဖွင့်ဆိုချက်နဲ့ မကိုက်ညီဘဲ သတင်းထောက်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအောက်မှာ ရှိနေတဲ့ သာမန်ပြည်သူတွေ၊ မလိုရင် မလိုသလို ဒီပုဒ်မနဲ့ပဲ အဖမ်းခံပြီး ဘဝပျက်သွားကြသူတွေ များစွာ ရှိခဲ့ပါတယ်။ ဒီဥပဒေကြောင့် လက်နက်ကိုင်အဖွဲ့အစည်း နှစ်ရပ်ကြားမှာ ပြည်သူတွေဟာ မြေစာပင် ဖြစ်ခဲ့ကြရတယ်။ မကြာသေးခင် လပိုင်းကမှ ဖြစ်ပွားခဲ့တဲ့ ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းထောက်တွေကို တပ်မတော်က မတရားအသင်းဥပဒေနဲ့ တရားစွဲဆိုခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ခုလို ပြောကြားခဲ့ဖူးပါတယ်။ “အခုကိစ္စမှာ သတင်းထောက်သုံးဦးနဲ့ တပ်မတော်အကြားဖြစ်တဲ့ကိစ္စ ဆိုတာမျိုး ဘောင်ကျဉ်းကျဉ်းနဲ့ ကြည့်လို့မရဘူး။ လက်ရှိ တည်ဆဲဥပဒေတွေဟာ ကျမတို့လိုလားတဲ့ တရားမျှတမှု ဒီမိုကရေစီနည်းကျမှု ဆိုတာတွေနဲ့ ကိုက်ညီမှုရှိရဲ့လား။ ဥပဒေတွေဟာ တရားမျှတမှု မရှိဘူး၊ ဒီမိုကရေစီနည်းမကျဘူးဆိုရင် ဒါကို လွှတ်တော်ကနေတဆင့် တရားဝင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြုပြင်ရေးဆွဲသွားရမှာ ဖြစ်တယ်။ တရားခွင်မှာ သမာသမတ်ကျတဲ့ ဥပဒေတွေ ဖြစ်အောင် ကျမတို့ လုပ်ဆောင်ကြရမယ်။” ဒီမတရားအသင်း အက်ဥပဒေဟာ ပြည်သူလိုလားတဲ့ တရားမျှတမှုတွေ ဒီမိုကရေစီ နည်းကျမှုတွေနဲ့ ကိုက်ညီပါရဲ့လား။ မကိုက်ညီဘူးဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်း လွှတ်တော်ကနေတဆင့် ပြင်ဆင်ပြုပြင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့တာပါ။ သေချာတာကတော့ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီစံနှုန်းတွေ တရားမျှတမှုတွေနဲ့ သွေဖည်နေတယ်လို့ ဆိုလိုဟန်ရှိပါတယ်။ တရားမျှတမှုနဲ့ ကင်းဝေးနေတယ်ဆိုရင် ဒါဟာ မတရားပြုကျင့်မှုဆီကို အချိန်မရွေး ဦးတည်သွားနိုင်တာပဲ ဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေ ပေါ်ပေါက်ရာ ခေတ်ကာလနဲ့ အခြေအနေနဲ့ ဒီဥပဒေဖွင့်ဆိုချက်ကို လေ့လာကြည့်ဖို့ လိုပါမယ်။ ဒါကြောင့် ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှာ ဒီလိုမျိုး ဥပဒေ မရှိသင့်တော့ဘူးလို့ ယူဆခဲ့ကြတဲ့အတွက် ပထမအကြိမ် လွှတ်တော်သက်တမ်းမှာကတည်းက ဒီဥပဒေဟာ တရားမဲ့ ပြုကျင့်မှုတခုကို ဖြစ်ပေါ်စေတဲ့အတွက် ရုပ်သိမ်းဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဥပဒေကို ပြဋ္ဌာန်းထားသင့်သေးကြောင်းနဲ့ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကိုသာ တင်သွင်းသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဥပဒေကြမ်းကိုတော့ ၂၀၁၃ ခုနှစ် မတ်လထဲမှာ ဒီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတခု ပေါ်ထွက်ခဲ့ဖူးပါတယ်။ ပြင်ဆင်ဖြည့်စွက်ချက်မှာ ပါရှိတာက “ဤဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ တဦးတယောက်ဖြစ်စေ၊ အဖွဲ့အစည်းတရပ်ရပ်ဖြစ်စေ၊ မိမိ၏ နေ့စဉ် ပုံမှန်စားသောက် သွားလာလုပ်ကိုင် ဆောင်ရွက်မှုအတွက်သော်လည်းကောင်း၊ မိမိ၏ အသက်ဘေးအန္တရာယ်ကို ကြောက်ရွံ့ရသည့်အတွက်သော်လည်းကောင်း မတရားသင်းများနဲ့ ဆက်နွှယ်ပတ်သက် ဆောင်ရွက်ရခြင်းများသည် ဤဥပဒေပြဋ္ဌာန်းသည့် ပြစ်မှုများတွင် အကျုံးမဝင်ဟု မှတ်ယူရမည့်အပြင် တရားစွဲဆိုခြင်း မခံထိုက်စေရ” လို့ ဆိုပါတယ်။ ဒါတွေကို အခြေခံပြီး DVB  Lawlab (ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ) အစီအစဉ်မှာ ပင်တိုင်ဆွေးနွေးသူတွေအဖြစ် ဦးသိန်းညွန့် (ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးကြီးမြင့် (ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့) နဲ့ ဦးရန်အောင် (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) တို့ ဆွေးနွေးခဲ့ကြပါတယ်။ အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့အမေးကို “ပထမအကြိမ် လွှတ်တော်ကတည်းက ပယ်ဖျက်ဖို့ ကြိုးစားခဲ့ကြောင်းနဲ့ မှျော့ကြိုးဥပဒေ ဖြစ်နေကြောင်း” တို့ကို ဦးသိန်းညွန့်က ဆွေးနွေးသွားခဲ့ပါတယ်။ ဦးကြီးမြင့်ကတော့ “၂၀၁၄ ခုနှစ် သတင်းမီဒီယာဥပဒေ ပြဋ္ဌာန်းလိုက်ပြီးကတည်းက အရင်ဥပဒေကို နောက်ဥပဒေက လွှမ်းမိုးပြီး ဖြစ်သွားတဲ့အတွက် ၁၉၀၈ ခုနှစ်က မတရားအသင်းဥပဒေဟာ သတင်းမီဒီယာအတွက်တော့ ပျက်ပြယ်သွားပြီဖြစ်တယ်လို့ ဆိုရမှာပါ” လို့ ဆွေးနွေးသွားပါတယ်။ ဦးရန်အောင်ကတော့ “ပယ်ဖျက်တာနဲ့စာရင် ဖြေလျော့ အစားထိုး ဆောင်ရွက်သင့်ပါတယ်။ တရားမျှတမှုမရှိရင်တော့ ပူးပေါင်းပြင်ဆင်ဖို့ ဝိုင်းဝန်းကြိုးစားသင့်တယ်” လို့ ဆွေးနွေးသွားခဲ့ပါတယ်။ နှစ်ပေါင်း ၁၁၀ ခန့် ရှိနေပြီဖြစ်တဲ့ “မတရားအသင်း အက်ဥပဒေ” ဟာ အင်္ဂလိပ်တို့ အလိုကျ ဒေသခံတွေကို ဖိနှိပ်ဖို့ ရေးဆွဲခဲ့တာ ဖြစ်ပေမယ့် ဒီနေ့ထိ ခေတ်အဆက်ဆက် အစိုးရတိုင်း လက်ကိုင်ပြု ကျင့်သုံးနေတာဟာ မသင့်လျော်တော့သလို ဒီနေ့ကာလမှာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေချိန် ဖြစ်တဲ့အတွက်လည်း ကာလနဲ့ မဆီလျော်တော့တာကလည်း အမှန်တရားတခု ဖြစ်နေပြန်ပါတယ်။ မတရားအသင်း အက်ဥပဒေကို ခုတုံးလုပ်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးသား၊ ညီအစ်ကို မောင်နှမချင်းအပေါ် တရားမဲ့ ပြုကျင့်ခဲ့တာလည်း သမိုင်းတလျှောက်မှာ အထင်ကရ ဖြစ်ရပ်တွေလည်း ရှိပါတယ်။ အခုလတ်တလောမှာလည်း ၁၇(၁) မတရားအသင်း အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၇ ဦးထက်မနည်း ရှိနေပါတယ်။ ဒီဗွီဘီနဲ့ ဧရာဝတီ သတင်းထောက်တွေအပေါ် စွဲထားတဲ့ အမှုတွေကိုတော့ တပ်မတော်က အမှုပြန်ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအမှုနဲ့စွဲထားသူအပေါ် ဘယ်လို စီရင်ချက်ချလိမ့်မလဲ ဆိုတာကို စောင့်ကြည့်လေ့လာခြင်းကပဲ တရားမဲ့ ပြုကျင့်မှု ရှိ၊ မရှိ၊ ဟုတ်၊ မဟုတ် ဆိုတာရဲ့အဖြေ ဖြစ်ပါလိမ့်မယ်လို့ တင်ပြ သက်သေပြုလိုက်ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024