ဘယ်လ်ဂျီယံတွင် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးစားမည်မဟုတ်ဟု ကတ်တလန်ခေါင်းဆောင် ပြော

ဓာတ်ပုံ - REX/Shutterstock
2.3K
စပိန်အစိုးရက အမြင့်ဆုံးထောင်ဒဏ် နှစ် ၃၀ ထိ ချမှတ်နိုင်တဲ့ ပြစ်မှုတွေနဲ့ တရားစွဲမယ်လို့ ပြောကြားခံထားရတဲ့ ကတ်တလန်ခေါင်းဆောင် ပူအိဒမုန်ဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ ကြိုးစားမှာမဟုတ်ဘူးလို့ အောက်တိုဘာ ၃၁ ရက်က ပြောလိုက်ပါတယ်။
စပိန်အစိုးရက အာမခံချက်ပေးပါက ကတ်တလန်ဒေသကို ပြန်လာမယ်လို့လည်း ပြောကြားသွားပါတယ်။
ဥရောပသမဂ္ဂရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်ကို ရောက်ရှိနေတဲ့ ကတ်တလန်ခေါင်းဆောင်ဟောင်း ပူအိဒမုန်က ဒီဇင်ဘာ ၂၁ ရက်မှာ ပြုလုပ်မယ့် ကတ်တလန်ရွေးကောက်ပွဲကို လက်ခံကောင်း လက်ခံဖွယ်ရှိတယ်လို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကတ်တလန်ဒေသကို စပိန်အစိုးရက တိုက်ရိုက်အုပ်ချုပ်ဖို့ ကြိုးပမ်းရာမှာ ခွဲထွက်ရေးလိုလားတဲ့ ကတ်တလန်ခေါင်းဆောင်ပိုင်းအကြား စုစည်းမှုမရှိတာကြောင့် လက်တွေ့လုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။
စပိန်ကနေခွဲထွက်ဖို့ ကြိုးစားခဲ့တဲ့ ကတ်တလန်အစိုးရ ခေါင်းဆောင်တွေကို စပိန်အစိုးရက နိုင်ငံတော်ပုန်ကန်မှု၊ သူပုန်ထမှုတွေနဲ့ တရားစွဲဆိုမယ်လို့ ပြောကြားထားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။