DVB Logo
Home
မြန်မာသတင်း
တပ်မိသားစုဝင်များ အန်အယ်လ်ဒီကို ထောက်ခံ
DVB
·
April 2, 2012
တပ်မိသားစုဝင်များ အန်အယ်လ်ဒီကို ထောက်ခံ
Donate to DVB

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တပ်မိသားစုတွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတာရှိတယ် ဒါပေမယ့် ရာခိုင်နူန်း နည်းလွန်တယ်လို့ ပြောကြပါတယ်။

[caption id="attachment_23635" align="alignleft" width="300" caption="photo - Thiha Thwe"][/caption]

ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးရွေးကောက်ပွဲမှာ တပ်မတော်သား မိသားစုဝင်တွေရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံမဲတွေဟာ အရေအတွက်အားဖြင့်နည်းတယ်။ ခြေလျင် တပ်တွေနဲ့စာရင် ပညာသည်အုပ်စု တပ်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို ထောက်ခံမှု ပိုမိုရရှိတယ်လို့ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့တွေက ပြောကြပါတယ်။

တပ်ရင်းတပ်ဖွဲ့တွေရဲ့ မဲရုံတွေမှာ အဖွဲ့ချုပ်က ရှုံးပေမယ့် တပ်မတော်ဆေးတပ်၊ အင်ဂျင်နီယာတပ်နဲ့ လေတပ် တပ်ဖွဲ့တွေရဲ့ မဲရုံတွေမှာ အဖွဲ့ချုပ်ကို မဲပေးတာတွေဟာ ၇၅ ရာခိုင်နူန်းကနေ ၅၀ ရာခိုင်းနူန်းအထိရှိတယ်လို့ မိတ္ထီလာ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ကိုတင်ကိုက ပြောပြပါတယ်။

“ခြုံပြီးပြောရမယ်ဆိုရင် မဲရုံတိုင်းမှာ ကျနော်တို့အဖွဲ့ချုပ်က ရှုံးတယ်။ တခုရှိတာက ပညာသည်တပ်တွေမှာ လေတပ်၊ အင်ဂျင်နီယာတပ်ရင်းတွေမှာ မဲအရေအတွက်ကို ကြည့်တဲ့ အခါမှာ အန်အယ်လ်ဒီက ၃ချိုး ၂ချိုးလိုက်တယ်။ ဥပမာ - ကြံ့ခိုင်ရေးက မဲ ၃၀၀ ရရင်၊ ကျနော်တို့မဲ ၂၀၀ ရတယ်။ အဲဒီသဘောပေါ့။ နောက် ထက်ဝက်လိုက်တယ်။”

အောင်ပန်းမြို့နယ် ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ဦးရဲမြင့်သိန်းကတော့ အောင်ပန်း ကုတင် ၇၀၀ စစ်ဆေးရုံက မဲရုံမှာတော့ အဖွဲ့ချုပ်က မဲရှုံးခဲ့ပေမယ့် ကြံခိုင်ရေးပါတီနဲ့ ၅၀ ရာခိုင်နှုန်းပဲ မဲအရေ အတွက် ကွာခြားခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။

“စစ်ဆေးရုံတို့၊ အခြေခံသုံးတို့ အဲဒီအုပ်စုကကျတော့ ကြံ့ခိုင်ရေးက ၃၂၉ မဲရတယ်။ အန်အယ်လ်ဒီက ၁၅၈ မဲရတယ်။ အဲဒါက ပညာတတ်တွေလေ။ ဆရာဝန်တွေ၊ အရာခံဗိုလ်တွေ၊ အဲလိုမျိုးတွေ၊ ရာထူးအနေအထားတော့ ကွာတာပေါ့။”

ပညာသည် တပ်ရင်းတပ်ဖွဲ့တွေမှာတော့ အဖွဲ့ချုပ်ကို ဆန္ဒမဲပေးခဲ့တာ ရှိပေမယ့် ခြေလျင် တိုက်ခိုက်ရေး တပ်ရင်းတပ်ဖွဲ့တွေမှာတော့ အရေအတွက် အနည်းငယ်တာ မဲရခဲ့တာလို့ သိရပါတယ်။ ခြေလျင်တပ်ရင်းတွေမှာ ကြိုတင်မဲတွေ၊ အထက် အရာရှိတွေက အတင်းအကျပ် ကြံခိုင်ရေးပါတီကို မဲထည့်ခိုင်းတာတွေ၊ တပ်ရင်းက မဲရုံတွေမှာ တပ်ရေးဗိုလ်ကြီးအဆင့်ရှိသူက မဲရုံမှူးလုပ်တာတွေ ရှိတယ်လို့ မိတ္ထီလာက ကိုတင်ကိုက ပြောပါတယ်။

“ခြေလျင်တပ်တွေမှာတော့ တော်တော်ပြတ်တယ်။ ဒါတွေကလည်း ကျနော်တို့ မျက်မြင်တွေ့ရတာတွေ၊ သုံးသပ်ချက်တွေအရ တပ်တွေမှာ မဲရုံမှူးတွေ အကုန်လုံးက တပ်ရေးဗိုလ်ကြီးအဆင့်ရှိသူတွေကို ထားတာကိုတွေ့ရတယ်။ တပ်မဲရုံအတွက် တာဝန်ကျတဲ့ မဲရုံမှူးတို့၊ မဲရုံအုပ်ချုပ်သူတွေက တပ်ကလူတွေ ဖြစ်နေတဲ့အတွက် တပ်တွင်းမှာ ကျနော် တို့ထင်တာ ဖိအားပေးတာတွေ ရှိတယ်လို့ သုံးသပ်ရတာပေါ့။”

နေပြည်တော် လေကြောင်းရန် ကာကွယ်ရေးတပ် အမှတ် (၁၀၁၆)က တပ်တွင်း မဲရုံမှာ တပ်ရင်းမှူးက ကြံခိုင်ရေးပါတီကိုသာ မဲပေးဖို့ ညွှန်ကြားခဲ့တာလို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ ပါတယ်။ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းတွေမှာတော့ တပ်မတော် သားတွေ ကိုယ်တိုင် မဲပေးနိုင်တာမရှိဘဲ ကြိုတင်မဲဆိုပြီး ပေးခဲ့ရတာလို့လည်း ပခုက္ကူက ဒေါ်မူမူခိုင်ကလည်း ပြောပြပါတယ်။

“တပ်မတော်သားလေးတွေကို မေးကြည့်တော့ ရှေ့တန်းကနေ ၂၅ ရက်နေ့မှ ပြန်ရောက်တယ်။ ပြန်ရောက်တဲ့အချိန်မှာ ကြိုတင်မဲလုပ်ထားပြီးသား ဆိုတော့ ကျနော်တို့ကိုယ်တိုင် ဘာမှပေးခွင့် မရှိပါဘူးလို့ ပြောပြတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်သားတွေ တွေ့ဆုံဖြစ်မှာကို တပ်မတော်ရဲ့ အရာရှိ ဗိုလ်ချုပ်တွေက စိုးရိမ်ပုံရတယ်လို့ တပ်မတော်သားတွေက ပြောဆိုတာတော့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကလောမြို့ကို မဲဆွယ်စည်းရုံးရေးသွားတုန်းက တပ်မတော် သားတွေကို တပ်ပြင် မထွက်ရလို့ အမိန့်ထုတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်နူတ် ဆက်ခဲ့တဲ့ တပ်မ ၅၅ က ရဲဘော်တယောက်ကို တပ်တွင်း အချုပ်ချခံရတယ်လို့ အောင်ပန်းမြို့က ဦးရဲမြင့်သိန်းက ပြောပါတယ်။

“မတ် ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လာတယ်။ ဆရာဝန်တွေ၊ စစ်ဗိုလ်တွေ၊ အရာရှိတွေ၊ တပ်ရင်းမှူးတွေအားလုံးကို အဲဒီအချိန်မှာ တပ်ပြင်မထွက်ရဘူး။ ခါတိုင်း စစ်ဗိုလ်ဆရာဝန် တွေက နေ့ခင်းမှာ တနေကုန်နေကြတာပဲ။ သူ့ဂျူတီမရှိတဲ့အချိန်မှာပေါ့။ နေ့ပိုင်းမှာ တယောက်မှ မထွက်ရဘူး။ အဲဒီကြားထဲက တပ်မတော်သားလေးတယောက်က ခိုးထွက်လိုက်ပြီး ဒေါ်စုကို ရဲရဲဝံ့ဝံ့ စကားလေးတခွန်းပြောတယ်။ အမေကျနော်တို့ကို ပစ်မထားပါနဲ့တဲ့။ ပြောတဲ့တပ်မတော်သားလေးက ၂ ရက်လောက် ထိန်းသိမ်းခံနေရတယ်။”

၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း စစ်တပ်အင်အားကြီးတဲ့ တပ်မြို့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံမဲတွေနဲ့ အနိုင်ရခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013