အားနည်းသည့် လာနီညာရာသီဥတု ဖြစ်နိုင်
DVB
·
November 1, 2017
စွတ်စိုတဲ့ ရာသီဥတုဖြစ်စဉ် လာနီညာ ဖြစ်လာပါက အချိန်ကာလ တိုတောင်းပြီး အားနည်းတဲ့ လာနီညာပဲ ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
လက်ရှိ လာနီညာ ဖြစ်စဉ်ဟာ စောင့်ကြည့်အဆင့်ဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ပစိဖိတ်သမုဒ္ဒရာမှာ လာနီညာ ဖြစ်ရန် ၅၅ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်။ လာနီညာ ဖြစ်လာပါကလည်း အချိန်ကာလ တိုတောင်းပြီး အားနည်းတဲ့ လာနီညာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
၂၀၁၈ နှစ်ဦးပိုင်းမှာ ပုံမှန်ဖြစ်စဉ်သို့ ပြန်လည်ရောက်ရှိနိုင်တယ်လို့လည်း နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင် အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနတွေကို ကိုးကားပြီး မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လာနီညာ ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ပါက ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံမှာ ညအပူချိန်တွေ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်က လေပွေလှိုင်းတွေ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်တွေ ပိုမိုဖြစ်ပေါ်လာခြင်း စတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
Photo : U Tun Lwin