Home
မြန်မာသတင်း
ဖြိုးကိုကိုတင့်ဆန်းပါ ၁၅ ဦးကို အမှု ၁၇ မှုဖြင့် အမှုဖွင့်အရေးယူ
DVB
·
November 1, 2017
လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး Hotel ACE ကုမ္ပဏီဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်းပါ ၁၅ ဦးကို စုစုပေါင်း အမှု ၁၇ မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၅ ရက် ညက နေပြည်တော်လေဆိပ်မှာ ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေနဲ့ ဇော်ဝင်းထိုက်တို့ထံမှ မူးယစ်ဆေးဝါးတွေ၊ ဆက်သွယ်ရေးစက်၊ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိ စစ်ဆေးဖော်ထုတ်မှု အခြေအနေနဲ့ပတ်သက်ပြီး မနေ့ညက ထုတ်ပြန်လိုက်တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နေပြည်တော်နဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၆(ဂ)/ ၂၂(ခ)/ ၂၁ အရ အရေးယူမှု ၂ မှု၊ ၁၅/ ၁၆(ဂ) အရ အရေးယူမှု ၁ မှု၊ ၁၆(ဂ)/၂၂(ခ) အရ အရေးယူမှု ၁ မှု ပေါင်း ၄ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ အရ အရေးယူမှု ၄ မှု၊ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ အရေးယူမှု ၃ မှု၊ မြန်မာနိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၆(၁) (က) (င) အရ အရေးယူမှု ၃ မှု၊ လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေပုဒ်မ ၁၉-က အရ အရေးယူမှု ၁ မှု၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အရ အရေးယူမှု ၁ မှု ပေါင်း ၂ မှု၊ ရာဇသတ်ကြီးပုဒ်မ ၄၈၄ အရ အရေးယူမှု ၁ မှု၊ စုစုပေါင်း ၁၇ မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။ လတ်တလော စစ်ဆေးချက်တွေအရ ဖြိုးကိုကိုတင့်ဆန်းဟာ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌတာဝန် ယူထားပြီး ၂၀၀၅ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲ သွားရောက်စဉ် အထူးနိုင်ငံကူးလက်မှတ်အား တရားဝင်ရရှိ ထုတ်ယူခဲ့ပြီး ပြန်ရောက်တဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာနသို့ အပ်နှံရမှာဖြစ်ပေမယ့်  ပြည်ပသို့ မကြာခဏ သွားလာလေ့ရှိတဲ့အတွက် ပြန်မအပ်ဘဲ လက်ဝယ်ကိုင်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် တရားဝင် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ဆင်တူတဲ့ တူညီဝတ်စုံတွေ၊ တံဆိပ်အမှတ်အသားတွေ၊ မော်တော်ယာဉ်တွေ၊ ခွင့်ပြုချက်မရှိဘဲ အသုံးပြုတဲ့ ဒရုန်းတွေ၊ ဆက်သွယ်ရေးစက်တွေ၊ လုံခြုံရေးတပ်ဖွဲ့သုံး ဆက်စပ်ပစ္စည်းတွေ အသုံးပြုနေကြောင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့လို့ သူတို့ရဲ့ ရည်ရွယ်ချက်မှန်ကို ဖော်ထုတ်နိုင်ဖို့အတွက် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး ဆက်လက်စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024