လူထုခေတ်သစ် စပြီဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ပီတာအောင်
·
April 2, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ် ရွေးကောက်ပွဲမှာ အောင်နိုင်မှုဟာ ပြည်သူလူထုကို ဦးစားပေးတဲ့ ခေတ်သစ်တခုကို စတင်လိုက်တာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
[caption id="attachment_23629" align="alignleft" width="247" caption="photo-reuters"]
[/caption]
ဒီနေ့မနက်က ရန်ကုန်မြို့က အန်အယ်လ်ဒီ ပါတီဌာနချုပ်မှာ ရွေးကောက်ပွဲ အောင်နိုင်ခြင်း အထိမ်းအမှတ် အဖြစ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
“တိုင်းပြည်ရဲ့ နိစ္စဓူဝနိုင်ငံရေးကိစ္စတွေထဲမှာ ပြည်သူလူထုရဲ့ ပါဝင်မှု အခန်းကဏ္ဍကို ပိုမို အလေးထားတဲ့ခေတ်သစ်တခုရဲ့ အစဖြစ်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကိုလည်း ရှေ့ဆက် ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျမတို့အနေနဲ့ နိုင်ငံတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျမတို့နဲ့ လက်တွဲဆောင်ရွက်လိုတဲ့ နိုင်ငံရေး ပါတီတွေ အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်”
ရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ မမှန်မကန်မှုတွေကိုလည်း ဖော်ထုတ်သွားမှာ ဖြစ်တဲ့အကြောင်း ဒါဟာ ကလဲ့စားချေလိုတဲ့စိတ်၊ ဒေါသစိတ်ကြောင့် မဟုတ်ဘဲ ဒီလို လုပ်တာတွေကို ဘယ်လိုနည်းနဲ့မှ အားမပေးသင့်ဘူးလို့ ထင်လို့ဖြစ်တဲ့အကြောင်းနဲ့ နောင် အနာဂတ်မှာ ပိုပြီး တိုးတက်မှုရှိ လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တခုကြောင့် ဖော်ထုတ်သွားမှာ ဖြစ်တဲ့အကြောင်း အင်္ဂလိပ်ဘာသာဖြင့် ပြောသွားပါတယ်။
ရွေးကောက်ပွဲ အောင်နိုင်မှုအတွက် ပြည်သူလူထုကို ကျေးဇူးတင်တဲ့ အကြောင်းနဲ့ ကျမတို့ရဲ့အောင်နိုင်မှုဆိုတာ တကယ်တော့ပြည်သူတွေရဲ့ အောင်နိုင်မှုပါပဲလို့လည်း မြန်မာဘာသာနဲ့ ပြောကြားသွားခဲ့ပါတယ်။
“ကျမပြောချင်တာက အခုအချိန်မှာ ဆိုလို့ရှိရင် ကျမတိုရဲ့ ပါတီဝင်တွေက နားလည်ထားရမှာက ပြည်သူတွေရဲ့ ထောက်ခံမှု၊ ပြည်သူတွေရဲ့ ပါဝင်မှုကြောင့်သာ ကျမတို့ဒီလို အောင်နိုင်မှုတွေ ရခဲ့တာပါ။ ဒါကြောင့်မို့လို့ ကျမတို့ဟာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရှိရမယ်။ ဒီမိုကရေစီရဲ့ သဘောတရား ဆိုတာဟာ လူများစုက အောင်နိုင်တယ်ဆိုလို့ရှိရင်တောင်မှ လူနည်းစုရဲ့ အခွင့်အရေးတွေကို ကျမတို့က ကာကွယ်ရမှာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ တခြားအဖွဲ့အစည်းတွေ၊ တခြားပုဂ္ဂိုလ် တွေကို စိတ်အနှောင့်အယှက် မလုပ်ကြပါနဲ့လို့ ကျမအနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ပါတယ်။
အန်အယ်လ်ဒီပါတီဟာ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် နေရာ ၄၅ နေရာရှိတဲ့အနက် ၄၄ နေရာမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်တွေ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် ၄၃ နေရာမှာ အနိုင်ရထားတယ်လို့ အန်အယ်လ်ဒီပါတီက ပြောပါတယ်။
