စစ်ကိုင်းတိုင်းက မီဘေးသင့်သူတွေကို ဒေါ်အောင်ဆန်းစုကြည် ကျပ်ငွေသိန်း ၁၀၀ လှူဒါန်း
အေးနိုင်
·
April 2, 2012
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင်းက မီးဘေးသင့်ပြည်သူတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေသိန်း ၁၀၀ လှူဒါန်းပါတယ်။
ဒီလှူဒါန်းငွေ သိန်း ၁၀၀ ကို မန္တလေးတိုင်းအဖွဲ့ချုပ်ရုံးမှာ ပုလဲမြို့နယ် အန်အယ်လ်ဒီအမတ် ဒေါ်ခင်စန်းလှိုင်နဲ့ စစ်ကိုင်းတိုင်း အောင်နိုင်ရေး ကော်မတီ တာဝန်ခံ မုံရွာအောင်ရှင်နဲ့ အောင်နိုင်ရေး ကူညီသူ ကိုမောင်မောင်ဦးတို့ကို သွားရောက် လှူဒါန်းဖို့ ပေးအပ်ခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
“အဲဒီရွာအတွက် ဒေါ်အောင်ဆန်းစုကြည်က သိန်းတရာ ပေးပို့ လှူဒါန်းလိုက်ပါတယ်။ ဦးဝင်းတင်ကလည်း မန္တလေးတိုင်းရုံး ရောက်နေတာနဲ့ သူတို့ကိုခေါ်ပြီး လှူဒါန်းပေးလိုက်ပါတယ်။ သူတို့က အိမ်ထောင်စုပေါင်း ၁၈၅ ခုကို လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို သွားရောက်ပြီး မနက်ဖြန်ကစပြီး ဆောင်ရွက်ကြပါလိမ့်မယ်ခင်ဗျာ။”
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာမှာ မတ် ၂၉ ရက်နေ့ ညနေ ၃ နာရီလောက်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးတော့ အိမ်ခြေ ၁၃၀ လောက် ပါသွားခဲ့တာပါ။
ရွေးကောက်ပွဲအကြိုကာလ အနုပညာရှင်တွေက ရွေးကောက်ပွဲအတွက် မဲပညာပေး စည်းရုံးရေးနဲ့ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်းကို လာရောက် ဖျော်ဖြေနေချိန် ရွာသားတွေ သွားကြည့်စဉ်မှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ဘယ်က စလောင်တယ်ဆိုတာ မသိသေးပါဘူး။ အိမ်ခြေ ၃၀၀ နီးပါးနဲ့ လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ ၀င်းကုန်းရွာဟာ အလောင်းတော်ကဿပ တောင်ခြေမှာရှိတဲ့အတွက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပါတယ်။