အုပ်စုလိုက် အမှန်တရားများ၏ နောက်ဆက်တွဲများ
DVB
·
October 31, 2017
လတ်တလော ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ကြည့်လိုက်ရင် အုပ်စုလိုက် အမှန်တရားတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တွေ့မြင်နေရပါတယ်။ စစ်အာဏာရှင်တွေက တိုင်းပြည်ကောင်းစားရေးလို့ ကြွေးကြော်ပြီး မိမိတို့အုပ်စု လုပ်တာသည်သာ အမှန်ဖြစ်ကြောင်း ယူဆခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ဆင်းရဲမွဲတေတဲ့နိုင်ငံ၊ အကျင့်ပျက် ခြစားမှု အများဆုံးနိုင်ငံတွေထဲက တခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့် အုပ်စုလိုက် အမှန်တရားတွေကို ခုထိ ကျင့်သုံးနေသူတွေ ရှိနေသေးတာကို မြင်ရပါတယ်။ တိုင်းပြည်အတွက်၊ ဘာသာအတွက်၊ လူမျိုးအတွက်ဆိုတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေဟာ အုပ်စုလိုက် လုပ်ကြတဲ့အခါ ကောင်းမွန်တဲ့ဘက်ကို ထိန်းပေးနိုင်သူတွေရှိရင် အကျိုးဖြစ်ထွန်းနိုင်ပေမယ့် အုပ်စုလိုက် အားကိုးနဲ့ ထင်ရာစိုင်းလိုသူတွေ၊ မိမိကိုယ်ကို တည်ဆောက်ချင်သူတွေ များလာရင်တော့ အကျိုးနည်းမှုဘက်ကို ဦးတည်သွားနိုင်ပါတယ်။
မောင်တောခရိုင်မှာ နယ်မြေလုံခြုံရေးစခန်း ၃၀ ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်တွေရဲ့ လုပ်ရပ်တွေကို ကြည့်ရင် အုပ်စုလိုက် ယူဆနေတဲ့ အမှန်တရားအတွက် တိုက်တယ်ဆိုပေမယ့် လွဲမှားတဲ့ ဦးတည်ချက်သာ ဖြစ်ကြောင်းကို လက်ရှိအခြေအနေက သက်သေပြနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားရတဲ့ သိန်းချီသော မွတ်ဆလင်တွေထဲမှာ နိုင်ငံသား မဖြစ်သေးသူတွေလည်း ပါနေသလို ဘူးသီးတောင်၊ မောင်တောမှာ တာရှည်နေထိုင်ခဲ့တဲ့ မွတ်ဆလင်တွေလည်း ပါနေပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံအစိုးရက သူတို့ကို လက်ခံတဲ့အခါ နိုင်ငံသားဥပဒေအရ စစ်ဆေးပြီးတော့မှ လက်ခံမယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ တချို့တွေဆိုရင် တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားတဲ့အတွက် အစိုးရက သွားခေါ်တာတောင် ပြန်မလာတော့ပါဘူး။ အောက်တိုဘာ ၁၆ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဘော်လီရွာ၊ ပြိုင်းတောင်ရွာ၊ သိမ်တောင်ပြင်ကျေးရွာ၊ ဘုရားပြင်အောင်ပကျေးရွာ၊ ဖရုံချောင်းကျေးရွာတို့မှ မွတ်ဆလင်ဘာသာဝင် ၅၁၃ ဦးနှင့် မောင်တောမြို့နယ် ပညောင်ပင်ကြီးကျေးရွာနှင့် ရွာသစ်ကေကျေးရွာကြားမှာ ရောက်ရှိနေတဲ့ စိမ်းညှင်းပြားကျေးရွာမှ မွတ်ဆလင်ဘာသာဝင် ၁၉၈ ဦး စုစုပေါင်း ၇၁၁ ဦးတို့က တဖက်နိုင်ငံကို ထွက်ခွာဖို့ လုပ်နေကြတာကို အစိုးရက ပြောဆို စည်းရုံးခဲ့ပါတယ်။ သို့သော် သူတို့က သူတို့ရပ်ရွာတွေမှာ စားဝတ်နေရေး အခက်အခဲ၊ ဆေးကုသဖို့ အခက်အခဲတွေ၊ နောက်ပြီး အကြမ်းဖက်မှုရန်တွေကို ကြောက်လို့ဆိုပြီး ပြန်လိုက်မလာကြတော့ပါ။ သူတို့ဟာ ARSA အဖွဲ့ ကြွေးကြော်နေတဲ့ ဘူးသီးတောင်၊ မောင်တောက ရိုဟင်ဂျာ ဆိုသူများသာ ဖြစ်နေပါတယ်။ ဆိုလိုတာက သူတို့လုပ်လိုက်တဲ့ အမှန်တရားဆိုတဲ့ တိုက်ပွဲဟာ သူတို့ ကယ်တင်ရှင်ဆိုတဲ့ သူတွေကိုယ်တိုင် ဒုက္ခရောက်နေတာကို တွေ့ရမှာပါ။ အောက်တိုဘာ ၂၀ ရက်နေ့က RFA သတင်းမှာ ကြေညာသွားတာကတော့ ရှင်းပါတယ်။ ဘူးသီးတောင်၊ မောင်တောမှာ နေထိုင်တဲ့သူတွေ၊ စစ်တွေ အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်ဘာသာဝင် ဦးရွှေလှတို့ကို အင်တာဗျူးထားတာပါ။ သူတို့ဖြေတာကတော့ ရိုဟင်ဂျာဆိုတာကို သူတို့ကိုယ်တိုင် နားမလည်ဘူး။ သူတို့ပြောတာက သူတို့က နိုင်ငံသားတယောက်ဖြစ်ပြီး ဒီနိုင်ငံထဲမှာ လွတ်လပ်စွာ သွားလာချင်တယ်။ ကျန်တဲ့ ရိုဟင်ဂျာ ဆိုတာကို စိတ်မဝင်စားဘူး။ ရိုဟင်ဂျာဆိုတာ လူတချို့က သူတို့ရဲ့ အကျိုးစီးပွားအတွက် လုပ်နေတယ်လို့ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က ဦးရွှေလှက ဖြေဆိုထားတာကို တွေ့ရပါတယ်။
ဒါကိုကြည့်ရင် ပြဿနာကို ဖန်တီးပြီး မိမိတို့ရဲ့အုပ်စု လုပ်တာသည် မှန်ကန်တယ်လို့ ယူဆလိုက်တဲ့အခါ ယခင်ကလို အေးအေးချမ်းချမ်း မနေနိုင်ကြတော့ဘဲ ဗုဒ္ဓဘာသာဝင်တွေရော၊ မွတ်ဆလင် ဘာသာဝင်တွေရော မိမိတို့နေထိုင်တဲ့ နေရာကို စွန့်လွှတ်ပြီး ဒုက္ခသည်ဘဝကို ရောက်ကြရတာ ဖြစ်ပါတယ်။ တချို့ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါတယ်။ ပြန်လည်ထူထောင်ရေးဆိုတာ တာရှည်သွားရမယ့်ကိစ္စ ဖြစ်နေပါတယ်။ ဒါတွေဟာ လူအုပ်စုအားကိုးနဲ့ ကျူးလွန်ခဲ့သူတချို့ရဲ့ အမှားရလဒ်တွေပါ။
လူ့အဖွဲ့အစည်း အတော်များများဟာ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ သမာသမတ်ကျတဲ့ ဆုံးဖြတ်မှုကို ဆုံးဖြတ်ကြတာထက် အုပ်စုလိုက် ရွေးချယ်မှုနောက်ကို လိုက်ယောင်တတ်တာကြောင့် တချို့ပြဿနာတွေဟာ မလိုအပ်ဘဲ ကြီးမားသွားတတ်ပါတယ်။ ဒါကို ဦးဆောင်ဦးရွက်ပြုပေးတဲ့သူတွေ၊ ပဲ့ကိုင်နိုင်တဲ့ သူတွေသာ လိမ္မာပါးနပ်စွာ မထိန်းသိမ်းပေးနိုင်ရင် မလိုလားအပ်တဲ့ ပြဿနာတွေကို ဦးတည်စေပါတယ်။ မိုးတွင်းကလည်း လူမှုကွန်ရက်အပေါ်မှာ ကျနော်သူခိုးပါဆိုတဲ့ စာတန်းလေး ချိတ်ဆွဲထားတဲ့ ယောက်ျားငယ်လေးတယောက်ရဲ့ပုံ တက်လာပါတယ်။ လူအတော်များများက ဝိုင်းဝန်းရှုတ်ချခဲ့ပြီး ကလေးငယ်ကို နောက်ပြန်ကြိုးနှင့် တုပ်ထားတဲ့သူတွေကိုလည်း အပြစ်ဆိုခဲ့ကြပါတယ်။ ဒါကိုကြည့်လိုက်ရင် အုပ်စုလိုက် ပြုလုပ်ကြတဲ့အထဲမှာ ဒါဟာ မသင့်တော်ပါလို့ ပြောမည့်သူတွေ တယောက်မှ မပါခဲ့တာလား။ ဒါမှမဟုတ် မပြောဘဲ နေခဲ့ကြတာလားဆိုတာ စိတ်ဝင်စားစရာပါ။ ခိုးမှု၊ ဝှက်မှု ဆိုတာ ကောင်းမွန်တဲ့လုပ်ရပ် မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို ပြဿနာတွေကို ဖြေရှင်းနည်းဟာ ဒါပဲရှိပါသလားဆိုတဲ့ အတွေးလေးတောင်မှ ဝင်မိတဲ့သူ မရှိဘူးလား။ မိသားစုတဦးရဲ့နေရာက ဝင်စဉ်းစားပေးပြီး ဒီလို အနာဂတ်မှာ ခေါင်းမပြူနိုင်လောက်အောင် မလုပ်သင့်ပါဘူး ဆိုတာကိုတောင် မတွေးခဲ့ကြဘူးလား။ ဒီလောက် လူအများက စဉ်းစားပြီး လုပ်လိုက်တဲ့ အဖြေ၊ အမှန်တရားဟာ ဒါပဲလား ဆိုပြီး တွေးစရာတွေပါ။
လူတွေဟာ မှားတတ်ကြပါတယ်။ လူတွေ မှားကြလို့လည်း အပြစ်ပေးရတဲ့ ဥပဒေ အမျိုးမျိုးတွေ ထားရှိကြတာပါ။ အချုပ်တို့၊ ထောင်တို့ ဆိုတာလည်း ဒါတွေအတွက် ထားရှိတာပါ။ ဒါပေမယ့် အုပ်စုလိုက် ယုံကြည်တာတွေကို ကြည့်လိုက်ရင် တခါတလေမှာ ဥပဒေဆိုတာတို့၊ အချုပ်တို့၊ ထောင်တို့ ဆိုတာတို့ထက် လွဲမှားတဲ့ပြစ်ဒဏ်ကို မိမိတို့ သဘောဆန္ဒအလျောက် သတ်မှတ်လိုက်ကြပါတော့တယ်။ တကယ်တမ်း တွေးကြည့်ရင် မိမိတို့ကိုယ်တိုင်မှာလည်းပဲ ထူးမခြားနားတဲ့ လုပ်ဆောင်ချက်တွေ ရှိနေရက်နဲ့ကို လုပ်ကြတာမျိုးပါ။
မကြာသေးမီ ကာလကလည်း မြေပုံမြို့နယ်မှာ အလားတူ ပြဿနာတခု ဖြစ်ခဲ့ပါသေးတယ်။ ဘဂါင်္လီတွေကို ပစ္စည်းသွားရောင်းတယ်လို့ ယူဆတဲ့ အမျိုးသမီးတဦးကို လူအများက ဝိုင်းပြီး ရိုက်နှက်၊ ဆံပင်ကိုဖြတ်၊ မြို့ကိုပတ်ပြီး ကျမဟာ အမျိုးသားသစ္စာဖောက်ပါ ဆိုတဲ့ စာတန်းကို လည်မှာဆွဲခိုင်းပြီး အော်ခိုင်းခဲ့တာပါ။ ပြဿနာမဖြစ်စေအောင် စိုးရိမ်ပြီး တားမြစ်တာက သဘာဝကျပေမယ့် ခုလို မိမိတို့ သဘောဆန္ဒအလျောက် ပြုလုပ်တဲ့ အလုပ်ကကျတော့ တဖက်သားရဲ့ လူသားဂုဏ်သိက္ခာကို ထိခိုက်စေပြီး သူတို့ရဲ့ မိသားစုဝင်တွေ၊ သားသမီးတွေအတွက်လည်း လူပုံအလယ်မှာ အရှက်ရစေတဲ့ကိစ္စပါ။ ဆုံးဖြတ်တာကတော့ အုပ်စုလိုက် ယုံကြည်ထားတဲ့ အမှန်တရား၊ လုပ်ပုံလုပ်နည်းကတော့ ပြဿနာကို ပိုပြီး ကြီးထွားစေတဲ့ဘက်ပါ။ စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ အဆိုပါ လူအုပ်စုအား (ပ) ၁၃၂/၂၀၁၇၊ ပုဒ်မ ၃၅၄၊ ၃၂၃၊၅၀၀ ဖြင့် ကာယကံရှင် ဒေါ်စိုးချေက အမှုဖွင့်လိုက်ပါပြီ။ အုပ်စုလိုက်လုပ်ဆောင်မှု အမှန်တရားရဲ့ ရလဒ်လို့ ဆိုနိုင်ပါတယ်။ တကယ်တမ်း လေ့လာကြည့်တဲ့အခါ ဒုက္ခသည် ကမ့်ပ်ထဲမှာရှိတဲ့ ဘင်္ဂါလီတွေနဲ့ မြေပုံမြို့ပေါ်မှာ ရှိနေကြတဲ့ ဈေးဆိုင်အတော်များများဟာ အဆက်အသွယ်တွေ ရှိနေခဲ့ကြပြီး စွပ်စွဲခံရသူ ဒေါ်စိုးချေရဲ့ယောက်ျား ဦးထွန်းတင်အေးဟာ ယခင်နှစ်ကတည်းက ပစ္စည်းသယ်ယူ ပို့ပေးခဲ့ရပါတယ်။ သူက သုံးဘီးမောင်းတဲ့အတွက် ပစ္စည်းသယ်ယူတဲ့ အဖိုးလောက်သာ ရခဲ့ပြီး မြို့ပေါ်က သူတို့ချိတ်ဆက်ထားတဲ့ ဈေးဆိုင်အတော်များများက ယူခဲ့ကြရတယ်လို့ သိရပါတယ်။ ခု သြဂုတ် ၂၅ ပြဿနာဖြစ်လာကာမှ မြို့လုံးကျွတ် အစည်းအဝေးလုပ်ပြီး တားမြစ်ထားတာပါ။ ဒေါ်စိုးချေကို ဖမ်းဆီးတာက မြို့ပေါ်မှာ၊ သက်သေခံပစ္စည်းက ကွမ်းတပိဿာခွဲ။ ဒါကိုကြည့်လိုက်ရင် ကျနော်တို့ လူ့အဖွဲ့အစည်းထဲက တချို့ အုပ်စုလိုက် မှန်ကန်နေတဲ့ အချက်တွေထဲမှာ အားနည်းသူတွေကို လိုက်ပြီး မြင်နေတာကို တွေ့ရပါတယ်။ ဘင်္ဂါလီတွေနဲ့ အဆက်အဆံ မလုပ်ဘူးလို့ ပြောနေပေမယ့် စစ်တွေမြို့ပေါ်က ကုန်ပစ္စည်းများစွာဟာ သဲချောင်း ဒုက္ခသည်ကမ့်ပ်၊ ပေါက်တော စစ်ကဲပြင်က ဒုက္ခသည်ကမ့်ပ်၊ မြေပုံဒုက္ခသည်ကမ့်ပ်တွေဆီ ရောက်နေတာပါပဲ။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်က ရွာတချို့ဆိုရင်လည်း ပထဝီနိုင်ငံရေးအရ မကင်းကြပါဘူး။ ဒီလို မကင်းရာ မကင်းကြောင်းတွေ ရှိနေပါလျက် ဘုတ်ကြီးတွေ၊ ကားကြီးတွေနဲ့ တကယ့် ဟဲဗီးကြီးတွေ လုပ်ကိုင်နေတဲ့သူတွေကိုတော့ မဖမ်းဆီးကြဘဲ လက်လုပ်လက်စား သောင်းဂဏန်းလောက်သာ လုပ်ကိုင်နေတဲ့သူတွေကို ဖမ်းဆီး၊ နိုင်စားပြနေတဲ့ သူတွေရဲ့ နှလုံးသားထဲက အမှန်တရားတွေကိုလည်း မေးခွန်းထုတ်စရာပါ။
ဒါနဲ့ပတ်သက်ပြီး ယေရှုခရစ်တော်နဲ့ ပတ်သက်တဲ့ ပုံပြင်တခုကို သတိရမိပါတယ်။ ယေရှုခရစ်တော်ရဲ့ တရားဟောပြောမှုတွေကြောင့် အဲဒီခေတ်က လိမ်ညာနေကြတဲ့ ဘုန်းကြီးတွေဟာ သူတို့ရဲ့ခွင်တွေ ပိတ်လာတော့ ခရစ်တော်ကို ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေခဲ့ကြပါတယ်။ တနေ့တော့ ပင်လယ်ကမ်းစပ်မှာ နေဆာလှုံနေတဲ့ ခရစ်တော်ဆီကို အမျိုးသမီးတဦးကို လူအုပ်စုက ဆွဲငင်ခေါ်ဆောင်လာပါတယ်။ ခေါင်းဆောင်တဲ့သူတွေက ပုရောဟိတ်ဘုန်းကြီးတွေပါ။ သူတို့က ယေရှု အကျပ်အတည်းရောက်စေတဲ့ မေးခွန်းကို မေးလိုက်ပါတယ်။ ကျမ်းစာဟောင်းမှာပါတဲ့ ဘုရားရဲ့ ဒေသနာတော်အရ ဒီအမျိုးသမီးဟာ နောက်မီးလင်းတဲ့အတွက် အုတ်ခဲနှင့် မသေမချင်း သတ်ရမယ်။ ဒါမှမဟုတ် မသတ်သင့်ဘူးလားပေါ့။ ယေရှုက သတ်သင့်တယ်လို့ ဖြေလိုက်ရင် ကျမ်းစာအရ ကိုက်ညီပေမယ့် သူဟောနေတဲ့ မေတ္တာတရားကို လှောင်ကြမယ်။ မေတ္တာတရားကို ဟောနေတဲ့သူက သူများအသက်ကို သတ်ဖို့ အားပေးတယ် ဆိုပြီးတော့ပေါ့။ မသတ်သင့်ဘူးလို့ ဖြေလိုက်ပြန်ရင်လည်း ဘုရားသားတော်လို့ နာမည်ခံပြီး ဘုရားရဲ့ အလိုကျ ကျမ်းစာက စကားကို လက်မခံဘူးလို့ ကဲ့ရဲ့ကြပြန်မယ်။ ဘယ်ဘက်ကဖြေဖြေ အကျပ်အတည်းဖြစ်စေတဲ့ မေးခွန်းပါ။ (မှတ်ချက်။ ခရစ်တော် အရင်ရှိခဲ့တဲ့ ကျမ်းစာက ဓမ္မဟောင်းပါ)။
ယေရှုခရစ်တော် ဖြေလိုက်ပုံကတော့ ဒီအမျိုးသမီးကို သတ်သင့်တယ်။ ဒါပေမယ့် တကယ်တမ်း သတ်သင့်တဲ့သူက လုံးဝ အပြစ်ကင်းစင်တဲ့သူရဲ့ လက်နဲ့သာ ကျောက်ခဲကို ကိုင်ပြီး ထုရမယ်ဆိုတော့ ယေရှုကို ဝိုင်းပြီးကြည့်နေတဲ့ လူအုပ်တွေ၊ ပုရောဟိတ် ဘုန်းကြီးတွေက တဖြည်းဖြည်းနဲ့ နောက်ဆုတ်ပြီး ထွက်သွားလိုက်ကြတာ အဲဒီ အမျိုးသမီးတယောက်သာ ကျန်ပါတော့တယ်။ ဒီတော့ ကျနော်တို့ရဲ့ လူအုပ်စုလိုက် ယုံကြည်ထားတဲ့ အမှန်တရားတွေဟာလည်း မိမိကိုယ်ကို ဆန်းစစ်ကြည့်ရင် ကိုယ်တိုင်လည်း မှားတတ်ပါတယ် ဆိုတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် လူမျိုးအတွက်၊ ဘာသာအတွက်၊ တိုင်းပြည်အတွက်ဆိုတဲ့ ကြွေးကြော်သံတွေအောက်မှာ အုပ်စုလိုက် အမှားမလုပ်မိကြဖို့ လိုပါတယ်။
ကမ္ဘာကြီးလုံးတယ်လို့ ပြောတဲ့ ကော့ပါးနီးကပ်ကိုလည်း အုပ်စုလိုက် ဖွဲ့ထားတဲ့ အမှန်တရားက ရှုတ်ချခဲ့ကြပါပြီ။ ဆော့ခရတ္တိရဲ့ တရားတွေကိုလည်း အုပ်စုလိုက် အမှန်တရား ဘက်တော်သားတွေက အဆိပ်ခွက်ကို ပေးခဲ့ပါပြီ။ နေမဝင်အင်ပါယာကို တွန်းလှန်မယ့် သျှင်ဥတ္တမကိုလည်း ပြက်ရယ်ပြုခဲ့ကြပါပြီ။ ဒါတွေကိုကြည့်လိုက်ရင် အုပ်စုလိုက် အမှန်တရားတွေဟာ လောကကြီးအတွက် တခါတလေ လွဲမှားတဲ့ အမြင်ကိုသာ ပေးခဲ့တာကို သိကြပါလိမ့်မယ်။ ဒါကြောင့် ညီညွတ်ခြင်းဟာ အင်အားဖြစ်ပေမယ့် ရွာသားညီလို့ နွားခိုးစားသလိုမျိုးက ဒီမိုကရေစီလမ်းစဉ် မဟုတ်သလို ငါ့နောက်က လိုက်မယ့်သူ ရှိတယ်ဆိုတိုင်းလည်း မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။ ဒါကြောင့် အုပ်စုလိုက် မိမိဘာသာ မှန်ကန်နေတဲ့ အမြင်တွေကို စဉ်းစားကြဖို့ လိုပါတယ်။ ဆာလောင်မွတ်သိပ်မှုတွေ၊ ဆင်းရဲမွဲတေမှုတွေ ကြားထဲမှာ ရှင်သန်နေရတဲ့ အောက်ခြေ လူတန်းစားတွေအတွက် ဖေးမကူညီပေးရမယ့် လူတွေအနေနဲ့ မိမိတို့ရဲ့ အုပ်စုလိုက် ဆုံးဖြတ်တဲ့ အမှန်တရား ဆိုတာကြောင့် ဖြစ်တည်နေတဲ့ဘဝတွေ အနာဂတ်မလှအောင် မပြုလုပ်မိဖို့ လိုပါတယ်။
ကျော်လင်း(ရောင်စုံ)