ရန်ကုန်တိုင်းထဲ မဲစာရင်း မပါလို့ မဲမပေးလိုက်ရဘူးဆိုတာ မဖြစ်နိုင်ဟု ကော်မရှင်ကပြော
ရွှေအောင်
·
April 2, 2012
ရန်ကုန်တိုင်းအတွင်း မဲစာရင်းမပါတဲ့အတွက် အတော်များများ မဲမပေးလိုက်နိုင်ဘူး ဆိုတာ မဖြစ်နိုင်ဘူးလို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားလိုက်ပါတယ်။
[caption id="attachment_23618" align="alignleft" width="300" caption="ဦးကိုကို"][/caption]
“တော်တော်များများ ကျန်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ အန်ကယ်လ်တို့ နောက်ဆုံးမဲစာရင်း လုပ်လိုက်တာကိုက ၂၀၁၀ တုန်းကထက်တောင် ပိုများနေသေးတယ်။ အဲဒါက တချက်ပေါ့။ တကယ်တမ်းကျတော့ မဲစာရင်းမှာ ထည့်တယ်ဆိုပြီး ပါတီကလူတွေခေါ်လာပြီးထည့်။ ဒါပေမယ့်လို့ မဲလာထည့်တဲ့ အခါကျတော့ မဲဆန္ဒရှင်အရေအတွက် အပြည့်လာမထည့်ဘူး။ ၆၅ ရာခိုင်နှုန်းကျော်ပဲ လာထည့်နိုင်တယ်။ စာရင်းမပါတာကိုသာ လာပြောနေတာ မဲစာရင်းမှာ ပါပြီးသားလူကျတော့ လာမထည့်ဘူး။ ၅.၄၄ ရာခိုင်နှုန်းပဲ မဲလာပေးတဲ့သူ ရှိတယ်။ တကယ်ကျတော့ စည်းရုံးထားတဲ့ပါတီက နစ်နာတာပေါ့။ မထည့်တာပြောတာထက် ထည့်ပြီးသားလူတွေ ဘာလို့ လာမပေးသလဲ၊ ဘယ်ကလူတွေ နာမည်စာရင်း လာပေးလို့ သူတို့ မပေးတာလဲ၊ အဲဒါလေးတွေ ပြန်စဉ်းစားဖို့ သင့်တယ်လို့ ကျနော်တို့ ယူဆတယ်။”
မဲစာရွက်ပေါ်မှာ ဖယောင်းသုတ်ထားတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အံ့အားသင့်မိပေမယ့် မဖြစ်လောက်ဘူးလို့ ထင်တဲ့အကြောင်း၊ တကယ့်ကိုပဲ ခြေခြေမြစ်မြစ် ပြောလာကြရင်တော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တနည်းနည်းနဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်မယ်လို့ သူယုံကြည်ကြောင်းကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။
ဧပြီ ၁ ရက်က ရန်ကုန်တိုင်းအတွင်း လစ်လပ်မဲဆန္ဒနယ် ၆ ခုမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် လောင်းတွေ အားလုံး အနိုင်ရရှိသွားကြောင်း ရန်ကုန်တိုင်းကော်မရှင်က ဧပြီ ၂ ရက် မနက်ပိုင်းက တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိတယ်လို့လည်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။