A d v e r t i s e m e n t With Us

ကင်ညာအတိုက်အခံခေါင်းဆောင်အား ထောက်ခံဆန္ဒပြပွဲ မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ဖြိုခွဲ

ကင်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီက ကာဝမ်ဝဲ ဆင်းရဲသားရပ်ကွက်မှာ အောက်တိုဘာ ၂၈ ရက်နေ့က အတိုက်အခံ ခေါင်းဆောင်အား ထောက်ခံသူတွေရဲ့ ဆန္ဒပြပွကို ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက ဆိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို မီးရှို့ခဲ့ပြီး အိမ်တွေကို လုယက်ခဲ့ကြအပြီးမှာ ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့ကို သုံးခဲ့တာပါ။ အတိုက်အခံ ခေါင်းဆောင် ရေးလာ အိုဒင်ဂါက မိန့်ခွန်းပြောမယ်ဆိုတဲ့ သတင်းကို ကြားအပြီး ဈေးထဲက လူအုပ်က တောင်ကုန်းပေါ်ကို သွားခဲ့ကြတာပါ။ အဲဒီဈေးထဲမှာ ရာနဲ့ချီတဲ့ ဆိုင်ခန်းတွေကို အရင်ညက မီးရှို့ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ သွားတဲ့ လမ်းတလျှောက် ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့ကိုသုံးပြီး လူစုခွဲခဲ့ပါတယ်။ သမ္မတ အူဟူရူ ကင်ညတ်တာရဲ့ လူမျိုးစု ကီကုယုက အတိုက်အခံ ထောက်ခံသူတွေ ဆီကနေ သူတို့ကို ကာကွယ်ဖို့ မန်ဂိခိ လူမျိုးစုဝင်တွေကို သိမ်းသွင်းခဲ့တယ် ဆိုတဲ့ ကောလာဟလကို ကြားအပြီးမှာ ကာဝမ်ဝဲလ် တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာပါ။ သောကြာညပိုင်းက ထိပ်တိုက်တွေ့မှုအပြီးမှာ အမျိုးသားတယောက် အသေရိုက်သတ် ခံရပြီး ဆိုင်ခန်းတွေ၊ အိမ်တွေ မီးရှို့ ခံခဲ့ရပါတယ်။ ကင်ညာမြို့တော်က မငြိမ်သက်တဲ့ ဆင်းရဲသား ရပ်ကွက်တွေမှာ လူမျိုးစုတွေကြား အကြမ်းဖက်မှုတွေ မြန်မြန် ပြန့်သွားမှာကို စိုးရိမ်နေခဲ့ကြပါတယ်။ သြဂုတ်လ ရွေးကောက်ပွဲရလဒ်ကို တရားရုံးတွေက ဖျက်သိမ်းအပြီး နိုင်ငံတွင်းမှာ လနဲ့ချီတဲ့ နိုင်ငံရေး အကွဲအပြဲ ဖြစ်ခဲ့တာပါ။ ကင်ညာနိုင်ငံမှာ ၂၀၀၇ ရွေးကောက်ပွဲတုန်းကလည်း အငြင်းပွားမှုကြောင့် လူအယောက် ၁၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up