မြောက်ကိုရီးယား ပြန်လွှတ်ပေးမည့် ငါးဖမ်းလှေကို ပြန်လက်ခံမည်ဟု တောင်ကိုရီးယား ပြော

မြောက်ကိုရီးယားအစိုးရက ပြန်လွှတ်ပေးမယ့် တောင်ကိုရီးယား ငါးဖမ်းလှေကို ပြန်လက်ခံမယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရက ဒီကနေ့ ပြောလိုက်ပါတယ်။ ငါးဖမ်းလှေပေါ်က လှေသားတွေ ပြန်လာနိုင်လို့ စိတ်သက်သာရာ ရမိတယ်လို့လည်း သူက ပြောပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့က ဆိပ်ကမ်းကနေ ထွက်သွားတဲ့ ငါးဖမ်းလှေဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ ပျောက်ဆုံးနေကြောင်း အစီရင်ခံခဲ့တာပါ။ လှေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ရှာနေခဲ့တယ်လို့ ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ မြောက်ကိုရီးယား ရေပိုင်နက်မှာ လွန်ခဲ့တဲ့ ၆ ရက်က တရားမဝင် ငါးဖမ်းနေတာ တွေ့ခဲ့လို့ လှေတစီးကို ဖမ်းထားတယ်၊ ပြန်လွှတ်ပေးမယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ ကေစီအန်အေက ဒီကနေ့အစောပိုင်းမှာ ပြောခဲ့တာပါ။ လှေနဲ့ လှေသားတွေကို တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား စစ်ရေးမျဉ်းရှိရာ ရေပြင်မှာ ပြန်လွှတ်ပေးမယ်လို့လည်း ပြောပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

More News
Up