လူစည်ကားရာ လမ်းမအလယ် ကူကယ်ရာမဲ့ အဓမ္မပြုကျင့်ခံခဲ့ရသည့် မိန်းကလေး

အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒေ့ရှ်ပြည်နယ် ဗီဆခါပက်တနမ်မြို့မှာ အသက် ၂၀ အရွယ် မိန်းကလေးတဦးဟာ လူစည်ကားတဲ့ မြို့လယ်ခေါင်မှာ ကူကယ်ရာမဲ့ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ မက်ထရိုသတင်းတပုဒ်မှာ အောက်တိုဘာ ၂၆ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီမိန်းကလေးဟာ ခင်ပွန်းဖြစ်သူနဲ့ စကားများပြီး အိမ်က ထွက်ပြေးခဲ့တာဖြစ်ကာ သစ်ပင်ရိပ်တခုမှာ နားနေတုန်း အသက် ၂၃ နှစ်အရွယ် သူစိမ်းအမျိုးသားက အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားက သူ့ကို တိုက်ခိုက်အဓမ္မပြုကျင့်ချိန်မှာ အနီးနားက မျက်မြင်တွေ့ရှိသူ ဘယ်သူကမှ ကြားဝင်မကူညီခဲ့ကြဘဲ တချို့လူတွေက ဘာဖြစ်မလဲဆိုပြီး တယ်လီဖုန်းနဲ့ ရုပ်သံရိုက်ကူးခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့လူတွေကလည်း မျက်တောင်တောင် တချက်မခတ်ဘဲ အခင်းဖြစ်ပွားနေတဲ့ နေရာဘေးကနေ ပုံမှန်ပဲ လမ်းဖြတ်လျှောက်သွားနေခဲ့ကြတာပါ။ အဲဒီအချိန်မှာပဲ လမ်းတဖက်ခြမ်းမှာရှိတဲ့ လန်ချားဆရာက မြင်ပြီး အဖြစ်အပျက်ကို ရုပ်သံရိုက်ကူးပြီး ရဲတွေကို တိုင်ကြားခဲ့တာပါ။ ရဲတွေဟာ အခင်းဖြစ်တဲ့နေရာကို ရောက်သွားခဲ့ချိန်မှာ အဓမ္မပြုကျင့်သူ အမျိုးသားဟာ ထွက်ပြေးသွားခဲ့ပေမယ့် ရုပ်သံနဲ့ မျက်မြင်သက်သေတွေကြောင့် မကြာခင်မှာပဲ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဓမ္မပြုကျင်ခဲ့သူ ဂန်ဂျီလို့ အမည်ရတဲ့ အမျိုးသားကို ရဲတွေက ဖမ်းဆီးစစ်ဆေးနေပြီး မိန်းကလေးကတော့ အဲဒီအမျိုးသားကို မသိဘူးလို့ ဆိုပါတယ်။ “သူဟာ အစားမစားရတာ နာရီပေါင်းများစွာ ကြာနေခဲ့ပြီး အရမ်းအားနည်းနေတဲ့အချိန် လမ်းဘေးက သစ်ပင်ရိပ်အောက်မှာ အိပ်ပျော်နေတုန်း ခုလို အဓမ္မပြုကျင့်ခံခဲ့ရတာ” လို့ ရဲအရာရှိဖြစ်သူ ကေဆူရက်ရှ်က ဟင်ဒူစတန်တိုင်းမ်စ်သတင်းစာကို ပြောလိုက်ပါတယ်။ သူဟာ အော်ဟစ် အကူအညီ မတောင်းနိုင်လောက်အောင် အားနည်းနေတဲ့ အချိန်မှာတောင် လမ်းသွားလမ်းလာတွေဟာ အဓမ္မပြုကျင့်သူကို ဘယ်သူကမှ ဝင်ပြီး မတားဆီးခဲ့ကြဘူးလို့ ရဲအရာရှိက ဆိုပါတယ်။

//
More News
Up