ရှမ်းပြည်တပ်မတော်မြောက်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီဟာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆက်ဆွေးနွေးသွားမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၁ ရက် မှ ၂၉ ရက်နေ့ထိ ဌာနချုပ် ၀မ်ဟိုင်းမှာ ၉ ရက်ကြာ ကျင်းပသွားတဲ့ တတိယအကြိမ်မြောက် ပါတီကွန်ဂရက်မှာ ဒီဆုံးဖြတ်ချက်ချမှတ်ပြီး ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ကြေညာချက်ထဲမှာ ပြည်ထောင်စုအဆင့်ဆွေးနွေးတဲ့အခါ အစိုးရဆီ တင်ပြထားတဲ့ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေးမူ ၇ ချက်အတိုင်း ဆက်ပြီး ဆွေးနွေးသွားမယ်။ ဒါပေမယ့် ဆွေးနွေးမယ့်ရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ ပါတီပြောခွင့်ရ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
“နောက်တဆင့်ထပ်ပြီး ဆွေးနွေးဖို့ အချိန်တော့ မသတ်မှတ်ရသေးဘူး။ သူတို့ဘက်ကစပြီးတော့ ကမ်းလှမ်းမယ်လို့ ယူဆရတာပဲ။”
ရှမ်းပြည်တပ်မတော်က အစိုးရနဲ့ ဇန်န၀ါရီလတုန်းကလည်း တခေါက် ဆွေးနွေးခဲ့တုန်းက အပစ်အခတ်ရပ်ဖို့ သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။
အပစ်အရပ် သဘောတူပြီးနောက် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်လို့ “အဲဒါက အထက်အမိန့်တွေ အောက်ခြေအဆင့်ထိ မရောက်လို့ ထင်ရတာပဲ။ နောက်ပိုင်းမှာ မဖြစ်တော့ပါဘူး။”လို့ သူက ပြောပါတယ်။
တော်လှန်ရေးလမ်းစဉ်မှာ အမျိုးသားဒီမိုကရေစီအသွင်နဲ့ လှုပ်ရှားသွားမယ်။ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ စစ်မှန်သောဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ ကွန်ဂရက် တက်ရောက်သူတွေအားလုံး အတည်ပြုခဲ့ပါတယ်။
ပါတီဥက္ကဋ္ဌ၊ ဒု - ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးနဲ့ ပါတီနိုင်ငံရေး ဦးဆောင်အဖွဲ့ ၇ ဦးတို့ကို ဒီမိုကရေစီနည်းနဲ့ ရွေးချယ်ခဲ့ကြတယ်။ ထိပ်တန်းအဆင့်မြင့် တာဝန်ရှိပုဂ္ဂိုလ်တွေကိုလည်း ရာထူးအဆင့် တိုးမြှင့် သတ်မှတ်ခဲ့တယ်လို့ ၂၉ ရက်နေ့နဲ့ ထုတ်ပြတ်တဲ့ အစီရင်ခံစာမှာ ရေးသား ဖော်ပြထားပါတယ်။
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ နအဖအစိုးရက လိုလားတဲ့ နယ်ခြား စောင့်တပ်အသွင်ပြောင်းရေးကို လက်မခံခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၁ မတ်လလယ်ကစပြီး စက်တင်ဘာလလောက်ထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
နောက်ပိုင်းပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တာ ဒီနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ ပြည်ထောင်စုအစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။











