Home
မြန်မာသတင်း
အရပ်ဘက်အုပ်ချုပ်မှု၌ ဒီမိုကရေစီနည်းကျ ရှင်သန်ဖံွ့ဖြိုးလာရန်လိုကြောင်း ဒေါ်ခင်မမမျိုး ပြော
DVB
·
October 26, 2017
မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး စဉ်းစားတဲ့အခါ လူသားလုံခြုံရေး Human Security ကို ထည့်သွင်းစဉ်းစားဖို့ လိုသလို အရပ်ဘက်အုပ်ချုပ်မှုနဲ့ ကွပ်ကဲမှုမှာလည်း ဒီမိုကရေစီနည်းကျ ရှင်သန်ဖံွ့ဖြိုးလာဖို့ လိုတယ်လို့ မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံ အမှုဆောင်အဖွဲ့ဝင် ဒေါ်ခင်မမမျိုးက ပြောပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့ ညနေ့ ၄ နာရီက ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ လုံခြုံရေးကဏ္ဍရဲ့ အရေးပါမှု ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ “မြန်မာနိုင်ငံမှာ လုံခြုံရေးဆိုတဲ့ဥစ္စာကို အမြဲတမ်း စစ်တပ်ရယ် ထောက်လှမ်းရေးရယ် ဆိုတဲ့ ဗဟိုပြု စဉ်းစားချက် နိုင်ငံတော်လုံခြုံဖို့ ဆိုတာကိုပဲ စဉ်းစားမှုတွေကို ကျမတို့ ပြင်ရပါမယ်။ အဓိကကတော့ ကျမတို့ အမျိုးသားလုံခြုံရေး စဉ်းစားတဲ့အခါတိုင်း လူသားများရဲ့ လုံခြုံရေးကို လူသားလုံခြုံရေး Human Security ကို ထည့်သွင်းစဉ်းစားဖို့အတွက် လိုမယ်။ နောက်ပြီးတော့ ကောင်းမွန်တဲ့ Security Government ပေါ့လေ။ SSR အားကောင်းဖို့အတွက် လုပ်ဆောင်ဖို့ အကြံပြုပါတယ်။ နောက်ပြီးတော့ အရပ်ဘက်အုပ်ချုပ်မှုနဲ့ အရပ်ဘက်ကွပ်ကဲမှုများလည်း ဒီမိုကရေစီနည်းကျ ရှင်သန်ဖံွ့ဖြိုးလာဖို့အတွက် အဓိကထား လုပ်ဆောင်ဖို့လိုတယ်”လို့ ပြောပါတယ်။ အဆိုပါ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို လုံခြုံရေးဆိုတာ ပိုမိုကျယ်ပြန့်တဲ့ သဘောတရားတွေ ရှိပြီး လုံခြုံရေးနဲ့ပတ်သက်ပြီး ပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ ပညာပေးဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ လူသားဆိုင်ရာ လုံခြုံရေးတွေဖြစ်တဲ့ စီးပွားရေးရာ လုံခြုံရေး၊ အစားအစာ လုံခြုံရေး၊ ကျန်းမာရေး လုံခြုံရေး၊ တဦးချင်းနဲ့ လူအဖွဲ့အစည်း လုံခြုံရေးဆိုင်ရာနဲ့ လုံခြုံရေးကဏ္ဍ ဆိုရာဝယ် ပညာရပ်ဆိုင်ရာတွေကို ဆွေးနွေးရာမှာ တက်ရောက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ နိုင်ငံရေးပါတီ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ သိရှိလိုတာတွေကို အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024