အိန္ဒိယ၏ ပထမဆုံးနပန်းမယ် ဖြစ်လာသည့် ကာဗီတာဒေဝီ (ရုပ်သံ)

ကာဗီတာဒေဝီဟာ အသက် ၃၄ နှစ်အရွယ် ကလေးတယောက်မိခင်ဖြစ်ပေမယ့် လက်ရှိမှာတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော နပန်းမယ်တဦး ဖြစ်လာခဲ့ပါတယ်။ WWE အဆင့် နပန်းအားကစားပြိုင်ပွဲဝင်နိုင်တဲ့ အဆင့်ထိ ချီတက်လာနိုင်ခဲ့တဲ့ သူ့ရဲ့ ဖြတ်သန်းမှုဟာလည်း တကယ့်ကို အံ့သြစရာ ကောင်းလှပါတယ်။ “လက်ဝှေ့ကြိုးဝိုင်းထဲကို ရောက်တာနဲ့ ကျမမှာ သားတယောက်ရှိတယ်ဆိုတာ၊ မိသားစုရှိတယ်ဆိုတာ မေ့သွားတော့တာပဲ။ ကျမနဲ့ ဒီအားကစားပဲ ရှိတော့သလို။” သူဟာ ဒီလောကထဲကို ဘယ်လိုဝင်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့သူ တယောက်ပါ။ အလေးမ ရွှေတံဆိပ်ဆုရှင်တယောက်လည်း ဖြစ်တဲ့ ကာဗီတာအဖို့ ခက်ခဲတဲ့ ဘဝနေထိုင်မှုနဲ့ ဝါသနာပါတဲ့ အားကစားကြားမှာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာပါ။ မိသားစုက သူ့ကို ထောက်ခံပေးဖို့ ဆွဲဆောင်ခဲ့ရတာဖြစ်ပြီး တောင်အာရှ အလေးမရွှေတံဆိပ်ဆုရှင် ဖြစ်လာပြီးတဲ့နောက်မှာတော့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ကာ လက်ရှိမှာတော့ နိုင်ငံရဲ့ ပထမဆုံးသော နပန်းမယ်တဦး ဖြစ်လာခဲ့တာပါ။ လက်ရှိမှာတော့ ပန်ဂျပ်ပြည်နယ်ထဲက The Great Khali လို့ လူသိများတဲ့ နပန်းသမား ဒါလစ်ပ်ဆင်းရန်နာရဲ့ အားကစားကလပ်မှာ လေ့ကျင့်နေတာ ဖြစ်ပါတယ်။ “ကျနော်တို့ ဒီအားကစားမှာက အမျိုးသားတွေကြီးစိုးပြီး အမျိုးသမီးတွေကိုတော့ အိမ်ထဲမှာပဲ ချန်ထားခံရလေ့ ရှိပါတယ်။ အဲဒီလို အမျိုးသမီးတွေကို မိသားစုဝင်တွေကလည်း ထောက်ခံအားပေးလေ့ မရှိကြပါဘူး” လို့ ဒါလစ်ပ်ဆင်းရန်နာက ပြောပါတယ်။ The Great Khali အားကစားကလပ်ကတော့ အဲဒီလို အမျိုးသမီးတွေအတွက် စိတ်ခွန်အားပေး ဖွင့်လှစ်ထားရှိရာ နေရာတခုလည်း ဖြစ်နေခဲ့ပါတယ်။ နပန်းပွဲမှာ အိန္ဒိယရိုးရာ ဆာဝါဝတ်စုံ ဝတ်ဆင်တာကလည်း ထူးခြားနေပြီး ဘီဘီစီ သတင်းဌာနကိုတော့ ခုလိုဖြေလိုက်တာပါ။ “ဒီဝတ်စုံကို ရွေးချယ်ဝတ်ဆင်ခဲ့တာကတော့ ဘယ်လိုမဆို တိုက်ခိုက်နိုင်ပြီး ဝတ်စုံကြောင့် ရှက်ရွံ့နေစရာမလိုဘူးဆိုတာ တခြားအမျိုးသမီးတွေကို သိစေချင်လို့ပါပဲ။” သူဟာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေရမှုတွေကြောင့် မိသားစု၊ သားဖြစ်သူနဲ့ တနှစ်မှာ ၆ လလောက် ဝေးနေရတာဖြစ်ပေမယ့် ခုနောက်ပိုင်းမှာတော့ အဆင်ပြေလာခဲ့ပြီလို့ ဆိုပါတယ်။ “အခုတော့ ကျမ ဘာလုပ်နေတယ်ဆိုတာ သားက သိလာခဲ့ပြီရှင့်။ ကျမ ပြိုင်ပွဲတခုမှာ ရှုံးရင် သူက ဆူနေတော့တာပါပဲ။” လက်ရှိမှာတော့ ရဲမေဟောင်းတယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ ကာဗီတာဟာ WWE ချန်ပီယံဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up