Home
မြန်မာသတင်း
G-4 ဂျက်လေယာဉ်ပျက်ကျ ကျဆုံးခဲ့သည့် လေယာဉ်မှူး ၂ ဦးအရိုးပြာများကို စစ်အခမ်းအနားဖြင့် ဂူသွင်းမြှုပ်နှံ
DVB
·
October 23, 2017
တပ်မတော်လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်ပျက်ကျရာမှာ ကျဆုံးခဲ့တဲ့ လေယာဉ်မှူး ၂ ဦးဖြစ်တဲ့ ဗိုလ်မှူးကောင်းထိုက်နဲ့ ဗိုလ်ကြီးသော်ဇင်စိုးတို့ရဲ့ အရိုးပြာအိုးတွေကို အောက်တိုဘာ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီက ပုသိမ်မြို့ သရောင်းချောင်းသုသာန်မှာ စစ်အခမ်းအနားနဲ့ ဂူသွင်းမြှုပ်နှံခဲ့ပါတယ်။ လေယာဉ်ပျက်ကျရာ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကို လေယာဉ်အစိတ်အပိုင်းတွေ တွေ့ရှိတဲ့နေရာမှာပဲ စစ်အခမ်းအနားနဲ့ သဂြိုလ်ခဲ့ပြီး အရိုးပြာအိုးတွေကို ပုသိမ်လေတပ် ဌာနချုပ်ဆီ အောက်တိုဘာလ ၂၁ ရက်နေ့က ပြန်လည်သယ်ဆောင်လာခဲ့ပြီး မိသားစုတွေရဲ့ နေအိမ်မှာ ၃ ရက်ထားပြီး အခုလိုဂူသွင်းမြှုပ်နှံခဲ့တာဖြစ်တယ်လို့ ပုသိမ်လေတပ်စခန်းဌာနချုပ်က နေ သိရပါတယ်။ လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်မောင်းနှင်ပြီး တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုးတို့ လိုက်ပါသွားတဲ့ G- 4 လေယာဉ်ဟာ စက်တင်ဘာ ၅ ရက်နေ့က လေ့ကျင့်ပျံသန်း မောင်းနှင်ရင်း ပုသိမ်မြို့ အနောက်တောင်ဘက် ၃၆ မိုင်အကွာ ရခိုင်ပြည်နယ် ဂွမြို့နယ် အနီးမှာ တိမ်တိုက်ကြီးတစ်ခုကို ရှောင်ရင်း လေတပ်နဲ့ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးခဲ့တာ ဖြစ်တယ်လို့ ပုသိမ်လေတပ်စခန်း ဌာနချုပ်က အဆင့်မြင့်အရာရှိတွေက ပြောပါတယ်။ ပျောက်ဆုံးလေယာဉ်ကို တပ်မတော်က လေတပ် မြေပြင် တပ်တွေနဲ့ တောနင်းရှာဖွေခဲ့ပြီး ၄၄ ရက်မြောက်နေ့မှာ ရခိုင်ပြည်နယ် ဂွမြို့ရဲ့ တောင်ဘက် ၁၂ မိုင်အကွာတောင် ၂ လုံးကြားက လျှိုထဲမှာ လေယာဉ်အပိုင်းအစတွေကို ပြန်ရှာတွေ့ခဲ့ပြီးလေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်ရဲ့ ရုပ်အလောင်းနဲ့ ဗိုလ်ကြီး သော်ဇင်စိုးရဲ့ လက်ပါတ် နာရီကိုလည်း ပြန်ရှာတွေ့ရှိခဲ့ပါတယ်။ နောက်တနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ဗိုလ်ကြီးသော်ဇင်စိုးရဲ့ အလောင်းနဲ့ လေယာဉ်အစိတ်အပိုင်း တွေကိုထပ်တွေ့ခဲ့ရာမှာတော့ လေယာဉ်ဟာအရှိန်နဲ့ မောင်းနှင်လာချိန် ရုတ်တရက် တိမ်တိုက်ကိုတွေ့ပြီး ပေ ၃၀၀၀ လောက်နိမ့်ပြီးပျံသန်းချိန်မှာ ဆိုးရွားတဲ့ရာသီဥတု လေဖိအားနဲ့ လေယာဉ်ရဲ့အရှိန်တွေကြောင်း နောက်ကြောင်းကို ဦးပြန်တည်သွားပြီး လေယာဉ်ရဲ့ နောက်ပိုင်းကနေ မြေပြင်မရောက်ခင် ပေါက်ကွဲခဲ့တယ်လို့ ယူဆထားကြောင်း ပုသိမ်လေတပ် စခန်းဌာနချုပ် အဆင့်မြင့်အရာရှိတဦးကပြောပါတယ်။ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ဗိုလ်မှူးကောင်းထိုက်မှာ ဇနီးနဲ့ သမီးတဦး ကျန်ရစ်ခဲ့ပြီး ဗိုလ်ကြီးသော်ဇင်စိုး မှာလည်း ဇနီးနဲ့ သမီးတဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ ပျက်ကျခဲ့တဲ့ G-4 လေယာဉ်ဟာ ၁၉၈၄ ခုနှစ်မှာ ယူဂိုဆလာဗီယားနိုင်ငံ ကထုတ်လုပ်ခဲ့တဲ့ လေ့ကျင့်ရေးလေယာဉ် အမျိုးအစားဖြစ်ပြီး တန်ဖိုးကတော့ ၂၀၁၀ ခုနှစ်ဈေးနှုန်းအရ ၄.၂ သန်း ရှိတယ်လို့ သိရပါတယ်။ ယူဂိုဆလားဗီးယားနိုင်ငံဟာ ၁၉၈၄ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ ၈ နှစ်တာကာလအတွင်း G-4 လေယာဉ်စုစုပေါင်း ၈၅ စီးထုတ်လုပ်ခဲ့ရာမှာတော့ မြန်မာ့တပ်မတော်က လေယာဉ် ၆ စီး ၀ယ်ယူအသုံးပြုနေတာ ဖြစ်တယ်လို့ ပုသိမ်လေတပ်စခန်းဌာနချုပ် အဆင့်မြင့်အရာရှိတွေဆီကနေ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024