Home
မြန်မာသတင်း
ဒေါ်စောမြရာဇာလင်း၏ခင်ပွန်းဖြစ်သူကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးတရားရုံးတင်
ပိုင်စိုး
·
October 23, 2017
  ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးထားတဲ့ ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းရဲ့  ခင်ပွန်းဖြစ်သူ ဦးဦးချစ်မောင်ကို ဒီနေ့ ဒါကာမြို့တရားရုံးကို ပို့ဆောင်လိုက်ပါတယ်။ ရခိုင်လူမျိုး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဖြစ်တဲ့ သူ့ကို အောက်တိုဘာ ၁၈ ရက်က ဒါကာလေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မိသားစုနဲ့ နှစ်ကြိမ်တွေ့ခွင့်ရထားပြီဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူရဲ့ ဇနီးဖြစ်သူ ဒေါ်စောမြရာဇာလင်းက ဒီဗွီဘီကိုပြောပါတယ်။ “အခုရှေ့နေတွေ၊ တရားသူကြီးတွေနဲ့ သူ့မိသားစုတွေ ဆက်သွယ်ပြီးတော့ လှုပ်ရှား နေကြပါတယ်။ သူ့ညီမ ဘင်္ဂလားဒေ့ရှ် အမတ်ဟောင်းရှိပါတယ်။ ပြီးတော့ သူ့ယောက်ဖဖြစ်တဲ့ ကော့ဘဇားကောလိပ် ရဲ့ principal (ကျောင်းအုပ်ကြီး)၊ နှစ်ယောက်စလုံးက ကြိုးစားနေ ကြပါတယ်” လို့ ပြောပါတယ်။ ဦးဦးချစ်မောင်ဟာ မြန်မာပြည်မှာ ဖွဲ့စည်းထားတဲ့ သက်တံရောင် အမျိုးသမီးနဲ့ ကလေးငယ် တွေ စောင့်ရှောက်ရေးဖောင်ဒေးရှင်းရဲ့ အကြံပေးအဖြစ် တာဝန်ယူထားပြီး ပြည်တွင်းကို ၂ လ၊ ၃ လ တကြိမ်လောက် လာလေ့ရှိတာပါ။ သူ့ကို ထောက်လှမ်းရေးက ဖမ်းဆီးသွားတာဖြစ်ပြီး လုပ်ကြံ ထားတဲ့ သတင်းတွေ ထောက်လှမ်းရေးဆီကို ရောက်သွားတာလို့လည်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။ “သူ့မှာ ဘာအပြစ်မှ မရှိဘူး။ လုပ်ကြံတာပဲ ဖြစ်တယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မုတိဂျွတ်ထာလို့ ခေါ်တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်သူရဲကောင်းဆုကို ရထားတဲ့ သူလည်းဖြစ်တယ်။ အခုဖြစ်သွားတဲ့ ဘူးသီးတောင်၊ မောင်တောနယ်စပ်က ပြဿနာတွေကို ရောပြီး ဒီကိစ္စတွေမှာ ကျမ ပါတယ်ဆိုပြီး စွပ်စွဲချက်မှာ ပါတယ်လို့ သိရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ကျမက အန္တရာယ်ပြုနိုင်တဲ့ သူ ဆိုပြီးတော့ စွဲချက်ထဲမှာ ပါပြီးတော့ သူ့ကို(ဖမ်း) သွားတာ ဖြစ်တယ်” လို့လည်း သူက ပြောပါတယ်။ သူ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို အန္တရာယ်ပေးဖို့ မရှိကြောင်းနဲ့ ပြည်တွင်းမှာလည်း ငြိမ်းချမ်းရေး ဆောင်ရွက်နေသူဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေကို သက်ဆိုင်ရာ အဖွဲ့အစည်း တွေဆီမှာ တောင်းခံသွားမယ်လို့လည်း ဒေါ်စောမြရာဇာလင်းကပြောပါတယ်။ ဒေါ်စောမြရာဇာလင်း ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဝင် တယောက် ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024