ဖားကန့်တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၁၆၀၀၀ ကျော်ဖိုး ဖမ်းမိ

2.8K
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂၂ ရက်ညနေက မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအုပ်နိုင်စိုးက ပြောပါတယ်။
မူးယစ်တပ်ဖွဲ့စု (၃) မိုးညှင်းမှ ရဲအုပ်နိုင်စိုး ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လုံးခင်းနယ်မြေစခန်းမှ ဒုရဲအုပ်ပြုံးမောင်မောင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါးသတင်းအရ မိုးညှင်းကနေ ဖားကန့်ကို ဝေမင်း(ခ)အေးသား မောင်းနှင်ပြီး ကျော်အောင်(ခ)အားတီတို့ လိုက်ပါလာတဲ့ ကားကို စစ်ဆေးရာ မိုင်းခံစက္ကူနဲ့ ပတ်ထားတဲ့ 88 နဲ့ 1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၃၄၀၀၀ ပြား ကာလတန်ဖိုး ၁၁၇၀၀ သိန်း၊ ရောင်စုံဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၁ ဒသမ ၃၂ ကီလိုဂရမ်၊ ကာလတန်ဖိုး ၁၂၅၄ သိန်းနဲ့ အဝါရောင်တိပ်နဲ့ ပတ်ထားတဲ့ ဘိန်းဆီခဲ ၆၆ ကီလိုဂရမ်၊ ကာလတန်ဖိုး ၃၁၆၈ သိန်း၊ စုစုပေါင်း မူးယစ်ဆေးဝါး ကျပ်သိန်း ၁၆၁၂၂ ဖိုးဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု (၃) မိုးညှင်းမှ ရဲအုပ်နိုင်စိုးက ပြောပါတယ်။
လုံးခင်းနယ်မြေရဲစခန်းက ကျော်အောင်(ခ) အားတီ နဲ့ ဝေမင်း(ခ) အေးသား တို့ကို မူးစိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
ကိုကိုလင်း(အင်းတော်)