မကျီးအုပ်ရွာတွင် ခင်ပွန်းဖြစ်သူနှင့် စကားများပြီး ဇနီးဖြစ်သူ ဆွဲကြိုးချ သေဆုံး
DVB
·
October 23, 2017
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ မကျီးအုပ်ရွာမှာ အောက်တိုဘာလ ၂၂ ရက် မနက်က ခင်ပွန်းဖြစ်သူ ဖုန်းအသုံးပြုနေလို့ စကားများခဲ့ရာကနေ ဇနီးဖြစ်သူက စိတ်ဆိုးမပြေနိုင်ဘဲ ဝါစိုက်ခင်း တဲခေါင်မှာ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ ရွာအုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။
မကျီးအုပ်ရွာနေ မအေးမွန် (၂၃-နှစ်)တို့ လင်မယားဟာ မနက်ပိုင်းမှာ ရွာက ထွက်လာပြီး ရွာအရှေ့ဘက်ရှိ ဝါစိုက်ခင်းမှာ ဝါကောက်ယူလေ့ရှိပါတယ်။ အဲဒီနေ့မနက် ဝါကောက်နေချိန် ယာခင်းတဲကို မအေးမွန် ပြန်သွားတာကြာလို့ ခင်ပွန်းဖြစ်သူ လိုက်သွားရာ အမြင့် ၆ ပေလောက်ရှိ တဲရဲ့ အလယ်ထုပ်တန်းမှာ လက်သန်းလုံးခန့် ပလတ်စတစ်ကြိုးနဲ့ ဆွဲကြိုးချ သေဆုံးတာ တွေ့ရတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။
ရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ကိုမောင်ဇော်က “လတ်တလောတော့ စကားများ ရန်ဖြစ်တာ မရှိဘူး။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကပဲ ခင်ပွန်းဖြစ်သူ ဖုန်းသုံးနေတာ မကြိုက်လို့ စကားများပြီး မိဘအိမ် ဆင်းသွားတယ်။ ပြန်ပေါင်းတာ ၅ ရက်လောက်ပဲ ရှိသေးတယ်။ စိတ်ဆိုးမပြေနိုင်ဘဲ ဆွဲကြိုးချတယ် ထင်တာပဲ” လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းက ဒုရဲအုပ်အောင်ကိုဝင်းက “ပြင်ပဒဏ်ရာ မတွေ့ရပါဘူး။ ၃ ပင် ပတ်လည် ယာခင်းတဲဆိုတော့ အမြင့်က လူအရပ်ထက် တပေကျော်ကျော်လောက်ပဲ ရှိနေတယ်။ ပလပ်စတစ်ကြိုးအရှည်နဲ့ဆိုတော့ လူအရပ်လွတ်ရုံပဲ သေဆုံးတယ်။ ဝမ်းတွင်းဆေးရုံကို ပရဟိတကားနဲ့ ပို့တယ်” လို့ပြောပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)