Home
မြန်မာသတင်း
ထိုင်းသံဃာ၏မှတ်ပုံတင် အသုံးပြုနေသည့် မြန်မာသံဃာ အဖမ်းခံရ
DVB
·
October 20, 2017
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ထဲမှာ ထိုင်းလူမျိုးသံဃာတပါးရဲ့ မှတ်ပုံတင်ကို အသုံးပြု ကိုင်ဆောင်နေတဲ့ မြန်မာသံဃာတပါး ဖမ်းဆီးခံရတယ်လို့ sanook ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ချင်းမိုင်မြို့တော်ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေဟာ နယ်မြေတွင်း ဒုစရိုက်မှုကင်းစင်ရေးနဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဘေးကင်းလုံခြုံရေးအတွက် စီမံချက်တွေ ဆောင်ရွက်ပြီးတဲ့နောက် လုပ်ငန်းပြီးစီးမှု အခြေအနေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၉ ရက်နေ့က  သတင်းစာရှင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါမှုခင်းတွေထဲမှာ မြန်မာပြည်က သံဃာတပါးက ထိုင်းသံဃာတပါးရဲ့ မှတ်ပုံတင်ကို ကိုင်ဆောင်အသုံးပြုနေတဲ့ အမှုလည်း ပါဝင်တယ်လို့ ချင်းမိုင်မြို့မရဲစခန်း တာဝန်ကျ ဒု-ရဲမှူး ဆာခွန်း ထောင်းန်မနီးက သတင်းထောက်တွေကို ပြောပါတယ်။ ဒီမတိုင်ခင်က ထိုင်းဦးဇင်းတပါးဖြစ်တဲ့ ဖရအာဆနင်း ဆီလာခမ်း ဆိုသူမှာ အသက် ၁၄ နှစ်ရွယ်ကတည်းက နိုင်ငံသားမှတ်ပုံတင်ရိုက်ခဲ့ပြီး နောက်ပိုင်းမှာ အကြောင်းကိစ္စမရှိတဲ့အတွက် မှတ်ပုံတင်ရုံးနဲ့ အဆက်အသွယ်မရှိခဲ့ကြောင်း၊ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတော့ နိုင်ငံခြားထွက်ဖို့ အတွက် နိုင်ငံကူးလက်မှတ် သွားရောက်လျှောက်ထားစဉ် သူ့ရဲ့ကိုယ်ရေးရာဇဝင်ပါ ဓာတ်ပုံမှာ သူ့ပုံမဟုတ်ဘဲ တခြားကိုရင်တပါးရဲ့ ဓာတ်ပုံဖြစ်နေပြီး ပတ်စ်ပို့လုပ်လို့ မရသေးတာကြောင့် သူ့ရဲ့အမည်နဲ့ မှတ်ပုံတင်နံပါတ် ကိုင်ဆောင်အသုံးပြုနေသူကို လိုက်လံစုံစမ်းပေးဖို့ ရဲစခန်းမှာ လာရောက်တိုင်ကြားထားတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက အဆိုပါ မှတ်ပုံတင်နံပါတ်ကိုင်ဆောင်သူကို လိုက်လံစုံစမ်းရှာဖွေရာ ချင်းမိုင်မြို့ ဖားဟမ့်ရပ်ကွက် ဝပ်ထာ့ကဒတ် ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား နိုင်းနော်ဆိုသူ ကိုင်ဆောင်နေတာ သိရလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က သွားရောက်ဖမ်းဆီး အရေးယူခဲ့တယ်လို့ ဒု-ရဲမှူးက ဆက်ပြောပါတယ်။ နိုင်းနော်ဆိုသူက သူဟာ မြန်မာပြည် ကျိုင်းတုံမြို့နယ်ကနေ ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဝင်ရောက်လာခဲ့ကြောင်း၊ လူတဦးက ဘတ်ငွေ တသောင်းငါးထောင်နဲ့ ထိုင်းမှတ်ပုံတင် လုပ်ပေးမယ့်အကြောင်း ဆက်သွယ်လာတဲ့အတွက် ချင်းမိုင်မြို့မှာပဲ မှတ်ပုံတင်ရခဲ့တယ်လို့ ဝန်ခံသွားပါတယ်။ မှတ်ပုံတင်ပိုင်ရှင်အစစ် ဖရအာဆနင်းကတော့ ဘယ်သူ့ကိုမှ အမှုဖွင့်အရေးယူလိုခြင်းမရှိဘဲ သူ့ရဲ့ကိုယ်ပိုင်နိုင်ငံသား မှတ်ပုံတင်ပြန်ရရင် ကျေနပ်ပြီလို့ ပြောပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေကတော့ နိုင်းနော်ကို လူဝတ်လဲစေပြီး တပါးသူကိုင်ဆောင်တဲ့ နိုင်ငံသားမှတ်ပုံတင်အသုံးပြုမှု၊ စာရွက်စာတမ်းတုပမှု၊ မမှန်မကန်တဲ့ အချက်အလက်များ ရေးသွင်းမှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး မှတ်ပုံတင်ရအောင် ပါဝင်ဆောင်ရွက်ပေးခဲ့သူတွေကိုလည်း ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်လို့ ပြောသွားပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဒီလဆန်းပိုင်းကလည်း နာမည်ကြီး ဝပ်ဆွန်ဒေါက် ကျောင်းထိုင်ဆရာတော်မှာ မြန်မာနိုင်ငံသားဖြစ်ကာ သေဆုံးသွားတဲ့ ထိုင်းလူမျိုးရဲ့ မှတ်ပုံတင်ကို အစားထိုးကိုင်ဆောင်ပြီး ပညာသင်ကြား၊ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ ချင်းမိုင်ခရိုင် သာသနာရေးကော်မတီမှာ မြင့်မားတဲ့ရာထူး ရယူထားလို့ တိုင်ကြားခံရပြီး လက်ရှိ တိမ်းရှောင်နေတဲ့အတွက် ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024