ရန်ကုန်-မော်လမြိုင်ရထားလမ်း ကျပ် ၉ ဘီလီယံသုံး အဆင့်မြှင့်တင်နေဟု ၀န်ကြီး ပြောကြား
DVB
·
October 20, 2017
ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို ဘတ်ဂျက် ၉ ဘီလီယံ အကုန်ကျခံကာ အသုံးပြုဆောင်ရွက်နေပြီး လာမယ့် ၂၀၁၉ ခုနှစ်မှာ အပြီးသတ် လုပ်ဆောင်သွားမယ်လို့ စိုက်ပျိုးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်-မော်လမြိုင် ရထားခုတ်မောင်းချိန်မှာ ပျမ်းမျှ ၉ နာရီဝန်းကျင် ကြာမြင့်နေပြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြီးစီးသွားပါက ခုတ်မောင်းချိန် ၆ နာရီလောက်သာ ကြာမြင့်တော့မယ်လို့ သိရပါတယ်။
ဦးထွန်းဌေးက “မွန်ပြည်နယ်ဘက်မှာတော့ အားလုံး မိုင်ပေါင်း ၉၀ ကျော်လောက် ရှိတယ်။ နှစ်အလိုက် ရတဲ့ ဘတ်ဂျက်ကို သုံးပြီးတော့မှ ကိုးချောင်းဆက် သံလမ်းတွေ လုပ်နေကြတာပါ။ ၂၀၁၉ ဘဏ္ဍာရေးနှစ်ကျမှ ပြီးပြတ်မယ်လို့ ထင်တယ်။ ဒီပရောဂျက် အပြီးအစီးအတွက် ဘတ်ဂျက်ကို ၉ ဘီလီယံလောက် သုံးစွဲသွားဖို့ ရှိပါတယ်။ ရထားလမ်းတွေ အဆင့်မြှင့်တင်တာ ပြီးမှ အဆင့်မြင့်ရထားတွဲတွေ အစားထိုးမယ်။ အဲဒီအခါကျရင် တုန်တာခါတာ ယမ်းတာတွေ မရှိတော့ဘူး” လို့ ပြောပါတယ်။
ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရာမှာ အခက်အခဲ တစုံတရာ မရှိပေမယ့် တရားမဝင် ကားလမ်းကူး၊ လှည်းလမ်းကူးတွေကြောင့် အမြန်နှုန်း မြှင့်တင်ရာမှာ ခက်ခဲနေဆဲ ဖြစ်တယ်လို့ မြန်မာ့မီးရထား (တိုင်းအမှတ် - ၈)(မော်လမြိုင်ဘူတာ) အင်ဂျင်နီယာ ဦးမျိုးဇော်တူးက ပြောပါတယ်။
“ရထားလမ်းပိုင်းအတွက် ကျောက်ကတော့ ဇင်းကျိုက်၊ မုပ္ပလင်၊ ရင်းငြိမ်မှာရှိတဲ့ ကျောက်မိုင်းတွေကနေ ယူတာပါ။ သံလမ်းကတော့ ပေါင်ဘူတာမှာရှိတဲ့ ကိုးချောင်းဆက် သံလမ်း အလုပ်ရုံကနေ ယူတယ်။ ဇလီဖားတုံးတွေကတော့ မုတ္တမ ကွန်ကရစ် ဇလီဖားတုံးတွေကို သုံးတယ်။”
လက်ရှိအချိန်ထိ ရန်ကုန်ဘူတာမှ ပဲခူးဘူတာအထိ ၄၆ ဒသမ ၅ မိုင်၊ ပဲခူးဘူတာမှ တောင်စွန်းဘူတာအထိ ၆၃ မိုင် လုပ်ငန်းများ ပြီးစီးနေပြီး တောင်စွန်းဘူတာမှ မော်လမြိုင်ဘူတာအထိ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
သတင်း - အာကာမင်း