ရက်ရှ်ဖို့ဒ် ဒူးဒဏ်ရာရရှိမှု နည်းပြ မော်ရင်ဟို စိုးရိမ်

ဘင်ဖီကာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ဒူးဒဏ်ရာရရှိသွားတဲ့အတွက် နည်းပြ မော်ရင်ဟို စိုးရိမ်နေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဘင်ဖီကာအသင်းနဲ့ပွဲစဉ်မှာ ပြစ်ဒဏ်ဘောမှတဆင့် ဂိုးသွင်းယူခဲ့ပြီး ဘင်ဖီကာဂိုးသမား ပုတ်ထုတ်ခဲ့ပေမယ့် ဂိုးဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဂိုးသွင်းယူခဲ့ပြီးတဲ့နောက် ရက်ရှ်ဖို့ဒ်ဟာ ဒူးဒဏ်ရာကြောင့် မာရှယ်နဲ့ လူစားလဲခဲ့ရပြီး မော်ရင်ဟိုက အရေးကြီးတဲ့ထိခိုက်မှု မဖြစ်စေဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ မန်ယူကစားသမားတွေဖြစ်တဲ့ ဖယ်လိုင်နီ၊ ကာရစ်၊ ပေါ့ဂ်ဘာ၊ ဘိုင်လီ၊ ရိုဂျို၊ လုခ်ရှောတို့လည်း ဒဏ်ရာပြဿနာ အသီးသီးရှိနေတာကြောင့် ရက်ရှ်ဖို့ဒ်ပါ ဒဏ်ရာရရှိခဲ့မယ်ဆိုရင် နောက်ပိုင်းပွဲစဉ်တွေမှာ ကစားသမားအင်အား လျော့နည်းမှာ ဖြစ်ပါတယ်။ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကတော့ ၉၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနေပြီဖြစ်လို့ မကြာခင်မှာ ကွင်းအတွင်း ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။

More News
Up