အာဆီယံနိုင်ငံများတွင် အွန်လိုင်းမှတဆင့် ကလေးသူငယ် လိင်အလွဲသုံးစားပြုခံရမှုနှုန်း မြင့်တက်

ဓာတ်ပုံ - ရိုက်တာ
အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေမှာ အင်တာနက်အသုံးပြုမှုနှုန်း မြင့်တက်လာမှုနဲ့ တပြိုင်နက်တည်းမှာပဲ အွန်လိုင်းပေါ်မှတဆင့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုတွေ ပိုမိုမြင့်တက်လာနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာချက် စစ်တမ်းတွေအရ အရှေ့တောင်အာရှဒေသတွင်းမှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု ဗဟိုချက်ဒေသဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ၅၈ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံမှာတော့ ၆၇ ရာခိုင်နှုန်းထိ မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။ အွန်လိုင်းပေါ်မှတဆင့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု ကွန်ရက်တွေကို ပစ်မှတ်ထား စောင့်ကြည့်တဲ့ သြစတြေးလျအခြေစိုက် Taskforce Argos အမည်ရတဲ့ အထူးရဲတပ်ဖွဲ့မှ အဖွဲ့ဝင် ဂျွန်ရုစ်က “ဒါတွေကိုကြည့်ပြီး ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနှုန်း တိုးလာနေတာကို သိနိုင်တယ်။ လက်ရှိမှာ အကြီးမားဆုံး ပြဿနာက ကလေးတွေကိုယ်တိုင် တိုက်ရိုက်လိုက်ဖ်လွှင့်တာ၊ ဆက်သွယ်တာမျိုးနဲ့ အသုံးပြုခြင်းအားဖြင့် တခြားသူတွေကတဆင့် ဒါမှမဟုတ် ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခံရသူတွေ ဖြစ်နိုင်တာပါပဲ” လို့ ပြောပါတယ်။ ဘန်ကောက်မြို့မှာ ၇ ရက်ကြာ စုံစမ်းစစ်ဆေးမှုတွေအရ တသီးပုဂ္ဂလသုံး အင်တာနက်လိပ်စာပေါင်း ၃၆၀၀ လောက်မှာ ကလေးသူငယ်တွေရဲ့ လိင်ပိုင်းဆိုင်ရာပုံတွေနဲ့ မျှဝေ အလွဲသုံးစားပြုတာမျိုးတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ၊ မဲခေါင်ဒေသတလျှောက်မှာလည်း အွန်လိုင်းပေါ်မှတဆင့် လိင်ပိုင်းဆိုင်ရာ တိုက်ရိုက်လိုက်ဖ်လွှင့် ပြသနေတဲ့ အလွဲသုံးစားပြုမှုမျိုးဟာ ကြီးထွားလာနေတဲ့ ပြဿနာတခု ဖြစ်နေတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ပြောခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံမှာ ဆင်းရဲတဲ့မိသားစုတွေဟာ သူတို့ရဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ တိုက်ရိုက်လိုက်ဖ်လွှင့် ပြသစေပြီး ကလေးလိင်ကျွန်ပုံစံတမျိုးနဲ့ အလွဲသုံးစား ခိုင်းစေမှုတွေ ရှိတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ အေဂျင်စီက ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာတော့ အွန်လိုင်းပေါ်မှတဆင့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုတွေဟာ တစတစနဲ့ ကြီးထွားလာနေပြီလို့ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာပြစ်မှု အစီအစဉ်မှ နီးလ်ဝဲ့လ်ခ်ျက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up