Home
မြန်မာသတင်း
အန်စီအေစာချုပ် အားသာချက်၊ အားနည်းချက်များအား ရှမ်းပြည်တပ်မတော် ပြည်သူကို ရှင်းလင်း
နန်းမြနဒီ
·
October 19, 2017
  အစိုးရနဲ့ အန်စီအေ (တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်) ချုပ်ဆိုထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ အန်စီအေ ၂ နှစ်ပြည့် အခမ်းအနား တက်ရောက်ခဲ့တဲ့အခြေနေတွေအား ရှမ်းလူထုကို ပြန်လည်တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းစာပေယဉ်ကျေးမှုအသင်းတိုက်မှာ အောက်တိုဘာ ၁၈ ရက် လူထုတွေ့ဆုံပွဲမှာ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က အန်စီအေစာချုပ်ပေါ် သုံးသပ်ချက်နဲ့ ရှမ်းပြည်သူတွေအနေနဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေ အလေးထားပြောကြားခဲ့တယ်လို့ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းမိုဏ်းက ဒီဗွီဘီကို ပြောပါတယ်။ “ဥက္ကဋ္ဌကြီးက အဓိကအနေနဲ့ အန်စီအေစာချုပ် ချုပ်ပြီးတဲ့နောက် အားနည်းချက်၊ အားသာချက်တွေ၊ လက်ရှိ နိုင်ငံရေးအခြေအနေတွေ ရှင်းပြပြီး အန်စီအေနဲ့ပတ်သက်တဲ့ ပြည်သူ့သဘောထားအမြင်၊ အကြံပြုချက်တွေကို လာပြီးနားထောင်တာလည်း ဖြစ်ပါတယ်။ ရှမ်းလူထုတွေရဲ့ ဆွေးနွေးတင်ပြချက်ပေါ် မူတည်ပြီး ရှေ့ဆက် ဘာတွေဆောင်ရွက်သင့်သလဲ ဆိုတာတွေကိုလည်း ပြောကြားသွားပါတယ်။” အမျိုးသားရေး၊ တန်းတူရေးတွေအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့တဲ့ RCSS/SSA အနေနဲ့ အန်စီအေစာချုပ် ချုပ်ဆိုရတဲ့ အကြောင်းရင်းမှာ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေပေါ် မူတည်ကြောင်း၊ အန်စီအေ လက်မှတ်ရေးထိုးခြင်းအားဖြင့် စားပွဲဝိုင်းပေါ်မှာ နိုင်ငံရေးဆွေးနွေးခွင့်ရသလို လူထုနဲ့လည်း တွေ့ဆုံခွင့်ရကြောင်း၊ ဒါပေမယ့်   တဖက်မှာလည်း အားနည်းချက်တွေရှိနေပြီး ဒါကိုလည်း အစိုးရဘက်ကရော မြန်မာ့တပ်မတော်ဘက်ကပါ လက်ခံကြောင်း၊ ဒါကြောင့် ဒီလ ၂၅ ရက်ကနေ ၂၇ ရက်နေ့တွေအတွင်း နေပြည်တော်မှာ အန်စီအေစာချုပ်နဲ့ လက်မှတ်ရေးထိုးပြီးတဲ့ အခြေအနေ အရပ်ရပ်ကို ပြန်လည်သုံးသပ် ဆွေးနွေးဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် လူထုကမေးမြန်းလာတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး အခြေအနေမှာတော့ ဒီကိစ္စက RCSS/SSA တဖွဲ့တည်းနဲ့ ပြောလို့မရဘဲ ရှေ့ဆက် ဘယ်လိုလုပ်ကြမလဲဆိုတာကို အဖွဲ့ပေါင်းစုံပါဝင်တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီနဲ့ ပြန်ဆွေးနွေးရမယ်လို့ ဖြေကြားပါတယ်။ လူထုက တင်ပြလာတဲ့ နယ်မြေတွင်း မူးယစ်ဆေးဝါးပြန့်ပွားမှု ပြဿနာမှာ ပူးပေါင်းနှိမ်နင်းကြဖို့၊ ရှမ်းပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့ရာမှာ ပညာရေးက အဓိကကျပြီး ရှမ်းအမျိုးသားတက္ကသိုလ် ကောလိပ်တွေ ဖွင့်နိုင်တဲ့အထိ ကြိုးပမ်းသွားရေးတွေ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာတနိုင်ငံလုံးဆိုင်ရာ ရှမ်းစာပေယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းတင်ကလည်း တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ သူ့အတွေ့အကြုံကို ခုလိုပြောပါတယ်။ “ကျနော်က စာပေယဉ်ကျေးမှုအသင်းကဆိုတော့ ပညာရေးပိုင်းကို အဓိက တင်ပြဆွေးနွေးပါတယ်။ ဥက္ကဋ္ဌကပြောတဲ့ ရှမ်းအမျိုးသားကောလိပ် ဖွင့်လှစ်ရေးမှာ နောက်ထပ် အသစ်ဖွင့်တာထက် အခုလက်ရှိ ဖွင့်ထားတဲ့ ကာလိဒေသက ကောလိပ်ကို ပိုပြီးတိုးတက်အောင် အရင်ဆုံး ဝိုင်းဝန်းပံ့ပိုးကူညီဖို့ပေါ့နော်၊ ပြီးတော့ အန်စီအေ လက်မှတ်ထိုးပြီးတဲ့နောက် အရင်က အလင်းနဲ့အမှောင် နှစ်ဖက်တွေ့ဆုံရခက်ခဲတဲ့ အခြေအနေမှာ အခုလို ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးရတယ်၊ သူတို့လုပ်ဆောင်ချက်ပေါ် မရှင်းလင်းတာတွေလည်း တိုက်ရိုက်မေးလို့ ရတယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။” တွေ့ဆုံပွဲမှာ RCSS/SSA က လူသစ်စုဆောင်းတာ၊ အခွန်အခ ကောက်တာတွေအပေါ် မေးခွန်းထုတ်တာလည်းရှိပြီး ဒီကိစ္စမှာ အမျိုးသားရေးအတွက် ပူးပေါင်းပါဝင်ကူညီဖို့ ဥက္ကဋ္ဌက ပြန်လည်ဖြေကြားသွားတယ်လို့ ဆိုပါတယ်။ ဒီတွေ့ဆုံပွဲမှာ တောင်ကြီးမြို့ပေါ်ရှိ ရှမ်းလူထုအသိုင်းအဝိုင်းတွေအပြင် တောင်ကြီးမြို့နယ် အနီးနား ပတ်ဝန်းကျင်ကျေးရွာက ကိုယ်စားလှယ်တွေရော ပင်လုံ၊ လဲချား၊ မိုင်းပန် စတဲ့မြို့နယ်က လူထုကိုယ်စားလှယ်တွေပါ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024