Home
မြန်မာသတင်း
နိုင်ငံလုံခြုံရေး အင်မတန်စိုးရိမ်ဖို့ကောင်းတယ်၊ ဖမ်းမိတာ ခေတ်မီလက်နက်တွေ - ရောဘတ်စန်းအောင်
ပိုင်စိုး
·
October 19, 2017
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဝန်ကြီးဟောင်းတယောက်ရဲ့ သားဖြစ်သူဆီကနေ သေနတ်နဲ့ မူးယစ် ဆေးဝါးတွေ နေပြည်တော်လေဆိပ်မှာ ဖမ်းမိခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် တရားခံရဲ့ ရန်ကုန်က အိမ်နဲ့ ရုံးခန်းတွေကနေ လက်နက် ၂၀ ကျော်နဲ့ လူ ၁၂ ယောက်ကို ဖမ်းဆီးထားပြီလို့ ပြည်ထဲရေး ဝန်ကြီးက မနေ့က ပြောပါတယ်။ ဒီလို ဖမ်းမိချိန်ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ၂ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်ပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နေပြည်တော်မှာ ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာ ဆူပူအောင်လုပ်ဖို့ လက်နက်နဲ့ ငွေကြေးရှိတယ်ဆိုပြီး မကွေးမှာ စည်းရုံးခဲ့တဲ့အကြောင်း တိုင်း ဝန်ကြီးချုပ်က ထုတ်ဖော်ခဲ့ပြီးချိန်လည်း ဖြစ်နေပါတယ်။ ဒီလို တွေ့ရှိနေတာဟာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ပြည်သူလူထု လုံခြုံရေးအတွက် ဘယ်လို ရှိမလဲ ဆိုတာကို နိုင်ငံရေးနဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထား ပါတယ်။ ရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ) “နိုင်ငံတော်လုံခြုံရေးအတွက် အင်မတန်စိုးရိမ်စရာကောင်းတယ်။ သူတို့ရဲ့ လက်ပွားတွေ အကုန်လုံးကို မိသေးတာ မဟုတ်ဘူး။ ဖမ်းဆီးမိတဲ့ပစ္စည်းတွေက သာမန်ပစ္စည်းတွေမဟုတ်ဘူးလေ၊ ခေတ်မီ လက်နက်တွေ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့၊ ကုမ္ပဏီလေးထောင်ဖို့ဆိုတာထက် ကျော်လွန်တဲ့ အဓိပ္ပာယ်တွေ ရှိနေတယ်။ ဗိုလ်ရှုမောင် ခေါ် ဗိုလ်နေဝင်းရဲ့ မြေးတွေတုန်းက တံဆိပ်တွေ၊ ဟိုပစ္စည်း တွေ၊ ဒီပစ္စည်းတွေပါလို့ သူတို့ကို ပုန်ကန်မှုနဲ့ အရေးယူခဲ့တယ်။ လက်နက်များ (ယာယီပြင်ဆက်ချက်) အက်ဥပဒေ ပုဒ်မ ၁၉-က နဲ့ ပတ်သက်လို့ ပြဋ္ဌာန်းချက်ထဲမှာ ခြွင်းချက်အနေနဲ့ အခြားတည်ဆဲ ဥပဒေတရပ်ရပ်မှာ မည်သို့ပင် ပါရှိ စေကာမူ ဖော်ပြပါလက်နက်၊ ခဲယမ်းမီးကျောက် သို့မဟုတ် စစ်ပစ္စည်းကို ကိုင်တွယ်သွားလာခြင်း၊ လက်ရှိထားခြင်း၊ မိမိကြီးကြပ်မှုအောက် ထားခြင်းကို တွေ့ရှိ၍ စွဲဆိုသော ပြစ်မှုတွင် နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ရန် အကြံမရှိကြောင်း သက်သေထင်ရှား မပြနိုင်လျှင် နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရန် အကြံရှိသည်ဟု မှတ်ယူရမည်လို့ တိတိကျကျကြီး ပြဋ္ဌာန်းထားတယ်။” ကိုကျော်စိုးနိုင် (ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးဆောင်ရွက်ခဲ့သူ) “လုံခြုံရေးကတော့ စိုးရိမ်စရာ အလွန့်အလွန်ကို ကောင်းပါတယ်။ နေပြည်တော်ဆိုတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေ ရှိတဲ့နေရာမှာ မိတယ်။ မိတာကတော့ ကောင်းတယ်။ ဒါပေမယ့် မဖြစ်သင့်ဘူး။ ကျနော်တို့ လုံခြုံရေး လုပ်တယ်ဆိုတာက ချစ်တဲ့သူ တထောင်မှာ မချစ်တဲ့သူ တယောက်ကို ကြည့်ရတာလေ။ အမေစုမှမဟုတ်ဘူး။ သမ္မတ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေ အတွက်လည်း စိုးရိမ်ပါတယ်။ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ သတိထားရမယ်။ လာမယ့် ၂၀၂၀ အထိ သတိထားရမယ်လို့ ပြောချင်ပါတယ်။” ရဲဘော်မျိုးဝင်း (ကျောင်းသားတပ်မတော် အေဘီအက်စ်ဒီအက်ဖ်  ဒု ဥက္ကဋ္ဌ) “ဘယ်လိုရည်ရွယ်ချက်နဲ့ ခုလိုစုဆောင်းထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလေ။ ဖြစ်စဉ်အမှန် အတိုင်းသိဖို့ တာဝန်ရှိသူတွေက လုပ်ရမှာပေါ့။ တခုရှိတာကတော့ ဒီလို လက်နက်တွေရှိနေတယ် ဆိုတာကတော့ လုံးဝ မဖြစ်သင့်ဘူးလေ။ နေပြည်တော်လို၊ ရန်ကုန်လို တကယ့်ကို အဓိကကျတဲ့ နေရာမှာ ဖြစ်တာကိုး။ လုံခြုံရေးက တော်တော်ကို အားနည်းနေတယ်လို့ ပြောလို့ရတာပေါ့။ လက်နက်တွေ ယူခွင့်၊ သယ်ခွင့်မရှိဘူးဆိုတာက လူတိုင်းသိတဲ့ ကိစ္စလေ။ ယူလာနိုင်တယ်ဆိုတာက ဘယ်လို အခြေအနေ ဖြစ်နေတယ်ဆိုတာကို စိုးရိမ်စရာပေါ့။ “အဓိကကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ စုဆောင်းတယ် ဆိုတာပါ။ ဒီအပေါ်မှာ မူတည်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးကို ထိခိုင်နိုင်လား၊ တာဝန်ရှိသူတွေလုံခြုံရေးကို ထိခိုက်နိုင်လား၊ အချုပ် အခြာ အာဏာကို ထိခိုက်စေတာလားဆိုတာ ရည်ရွယ်ချက်အပေါ်မူတည်ပြီး သက်ရောက်မှာပါ”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024