ကော့မှူးမြို့နယ်မှာ မဲဆွယ်သည့် ကြံ့ခိုင်ရေးပါတီနှင့် ဒေသခံများ ပြဿနာဖြစ်
ရွှေအောင်
·
March 31, 2012
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ထဲမှာ ကြံ့ခိုင်ရေးပါတီက မော်တော်ယာဉ်တွေနဲ့ လှည့်လည် မဲဆွယ်ရင်း ဒေသခံတွေကို ဆဲဆိုရန်စတာတွေ ပြုလုပ်နေတယ်လို့ ကော့မှူး အန်အယ်လ်ဒီ အောင်နိုင်ရေးတာဝန်ခံ ဦးအေးသိန်းက ပြောပါတယ်။
[caption id="attachment_23437" align="alignleft" width="300" caption="ကော့မှူးမြို့နယ် မဲရုံ့"][/caption]
“ကြံ့ခိုင်ရေးပါတီက ပြည်သူတွေနဲ့ ဖြစ်တာပါ။ ကျနော်တို့နဲ့တော့ မဟုတ်ပါဘူး။ သူတို့လည်း လှည့်လည်ရေး လမ်းကြောင်း ကျနော်တို့လည်း လှည့်လည်ရေးလမ်းကြောင်း ရှိတယ်လေ။ ကျနော်တို့ ကလေးတွေ အကုန်လုံး အပါအဝင် ထိပ်တိုက် မတွေ့အောင် ကျနော်တို့ကတော့ ရှောင်ရှောင်ပေးနေရပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က ဒီပွဲကို အပျက်မခံနိုင်ဘူးလေ။ ကျနော်တို့က ကျိမ်းသေနိုင်မှာ သူတို့က ကျိမ်းသေရှုံးမှာ သိနေတဲ့အခါ ဒီပွဲကို သူတို့ ပျက်စေချင်တဲ့ သဘောနဲ့ ရန်စတာတွေ၊ မခံချင်အောင် လုပ်တာတွေ အများကြီး တွေ့နေရပါတယ်။”
ဒီလိုလှည့်လည်ရာမှာ ပါဝင်တဲ့ လူတယောက်ကို ငွေ ၃၀၀၀ ကျပ် ပေးတယ်လို့လည်း ဆိုပါတယ်။
“သူတို့လှည့်နေတဲ့ထဲမှာတော့ ကျနော်တို့ ကော့မှူးမြို့နယ်ကလူ နည်းတယ်။ သူတို့ အခြားမြို့နယ်က လူတွေကို ခေါ်လာတာ တယောက်ကို ၃၀၀၀ ပေးတယ်လို့ ပြောတယ်။ ထမင်းလည်း ကျွေးတယ်။ သူတို့ လက်ဆောင် ဘာညာလည်း ပေးတယ်ပေါ့။ သူတို့ကတော့ လူတွေ ငှားလာတာ။ သို့မဟုတ် အခြားမြို့နယ်က မျက်နှာစိမ်းတွေကို ခေါ်လာတာ။”
အဖွဲ့ချုပ်အနေနဲ့ ပြသာနာမတက်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲရုံနဲ့ ကိုက် ၅၀၀ အကွာအတွင်း မဲဆွယ်တာ မလုပ်ရဆိုတဲ့ အချက်ကလည်း ကော့မှူးမြို့နယ်ထဲရှိတဲ့ ရွာတချို့အတွက် အခက်တွေ့နေရပုံကို ဦးအေးသိန်းက ပြောပြပါတယ်။
“ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်စည်းရုံးမှု မလုပ်ရဘူးဆိုတော့ ရွာတွေက ကိုက် ၂၀၀ လောက်တောင် မရှိတဲ့ ရွာတွေ ရှိတယ်။ မဲရုံကို ကျောင်းက မြို့လယ်ခေါင်မှာ လုပ်တော့ ကျနော်တို့ ပါတီရုံးတွေ ဆိုလည်း တော်တော်ကို အခက်အခဲတွေ တွေ့တာ ရွာပြင်ထွက်နေရမယ့်ကိန်း ဖြစ်နေတယ်။ ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်စည်းရုံးခြင်းတို့၊ ပိုစတာတို့၊ ဗွီနိုင်းတို့၊ ပါတီတွေနဲ့ ပတ်သက်တဲ့ စာတွေ ဘာမှ မရှိရဘူး။ နောက်ပြီးတော့ လုပ်တာကိုင်တာ မရှိရဘူးဆိုတော့ ကျနော်တို့က တော်တော်ကို အကျပ်တွေ့တာပေါ့။ ရုံးကိုတောင်မှ ကျနော်တို့က ပိတ်ထားရမလို ဖြစ်နေတယ်။”
ကော့မှူးက ဝင်ပြိုင်မယ့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မတ် ၃၁ ရက်ညမှာ ကော့မှူးမြို့နယ်၊ ဝါသင်္ခကျေးရွာမှာ လာရောက်ညအိပ်ပြီး၊ ဧပြီ ၁ ရက်နေ့မှာ မြို့နယ်ထဲ မဲပေးသူတွေကို လိုက်လံအားပေးမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ဦးတင်ရီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒေါက်တာစိုးမင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြို့နယ်ထဲ မဲပေးနိုင်သူပေါင်း ၉၀,၀၀၀ ဝန်းကျင်ရှိပြီး မဲရုံပေါင်း ၁၂၉ ခု ရှိပါတယ်။