ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် မီးလောင်ကျွမ်း (ရုပ်သံ)
DVB
·
October 19, 2017
မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးစောင်းရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ ဒီနေ့မနက် ၃ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးသတ်ဌာနက level 2 အဆင့်သတ်မှတ်ပြီး ယာဉ်အုပ်စုတွေ ထွက်ခွာငြှိမ်းသတ်ခဲ့ပါတယ်။
ဒါပေမယ့် မီးအရှိန်များလာတာကြောင့် Level 4 အထိ တိုးမြှင့်သတ်မှတ်ပြီး မီးငြှိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်ကျွမ်းချိန် ၃ နာရီလောက်အကြာမှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
သက်တမ်းရင့် ဟိုတယ်တွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက် လောင်ကျွမ်းသွားခဲ့ပါတယ်။
မီးလောင်ရာသို့ မီးသတ်ယာဉ် အစီး ၅၀၊ အထောက်အကူပြုယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် ၅ စီး အပါအဝင် စုစုပေါင်း အင်အား ၅၀၀ ခန့်နဲ့ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ပါတယ်။
အခု မီးလောင်ကျွမ်းခဲ့တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ တည်းခိုနေထိုင်နေတဲ့ ဧည့်သည်တွေကို ချက်ထရီယမ်ဟိုတယ်နဲ့ ဂျက်စမင်ပဲလေ့စ်ဟိုတယ်တွေမှာ လတ်တလော ပြောင်းရွှေ့ တည်းခိုနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုစာရင်းနဲ့ ဘာကြောင့် မီးလောင်တယ်ဆိုတဲ့ အကြောင်းကိုတော့ မသိရှိရသေးပါဘူး။
ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှေ့ ကန်တော်ကြီးပတ်လမ်းက ထူးကုမ္ပဏီရုံးမှာ အောက်တိုဘာ ၁၉ ရက် မနက် ၁၁ နာရီမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒီဟိုတယ်ကို ၁၉၉၆ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ကာ ဆောက်လုပ်စဉ်က ထိုင်းနိုင်ငံသားတဦး မြေငှားရမ်းဆောက်လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မူလရှိပြီးသားဖြစ်တဲ့ ကန်တော်ာကြီးဟိုတယ်နဲ့ ဖက်စပ်လုပ်ကိုင်ခဲ့တာပါ။
နောက်ပိုင်းမှာတော့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထူးကုမ္ပဏီများအုပ်စုကို ငှားရမ်းလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟိုတယ်တခုလုံးကို ကျွန်းသစ်တွေနဲ့ ထိုင်းလက်ရာ ရှေးဟောင်းဆန်ဆန် ဆောက်လုပ်ထားတာဖြစ်ပါတယ်။
ရုပ်သံ - မီးသတ်ဦးစီးဌာန